သာယာဝတီ နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ သာယာဝတီခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပန်းတိုင် အထွက်နှုန်းကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ထူးချွန်တောင်သူများ၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်ခဲ့သည့် မြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ်ပြီး စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတိုးတက်မြင့်မားအောင် အဓိက ဆောင်ရွက်သွားရမှာဖြစ်သလို ဂုဏ်ပြုချီးမြှင့်ထိုက်သူကိုလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သွားရမှာ၍ ယခုလို ခရိုင်အလိုက် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ဂုဏ်ပြုချီးမြှင့်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေးအတွက် ပန်းတိုင်အထွက် နှုန်း ကျော်လွန်ထွက်ရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များကို ရှာဖွေဖြန့်ဖြူးပေးခဲ့သလို စိုက်ပျိုးရေ ရရှိရေးကို နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးမြေများ မြေဆီလွှာအာဟာရ ဖွံ့ဖြိုးတိုးတက်စေရေး သဘာဝမြေဩဇာသုံးစွဲခြင်း၊ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် စိုက်ပျိုးခြင်းများ ကိုလည်း အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီနည်းစနစ်များကို လိုက်နာကျင့်သုံးပြီး တစ်ဧက ဝင်ဆံ့ရမည့်အပင်ဦးရေ အပြည့်အဝ စိုက်ပျိုးမှသာ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိနိုင်မှာဖြစ်ကြောင်းကို ယခုအခမ်းအနားတွင် ဂုဏ်ပြုချီးမြှင့်ခံရသူ များက လက်တွေ့အကျိုးခံစားခဲ့ရပြီဖြစ်ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများ အနေဖြင့် မိမိတို့၏ စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေးနှင့် လာမည့် စိုက်ပျိုးရာသီတွင် ဂုဏ်ပြုချီးမြှင့်ထိုက်သူများအဖြစ် ရောက်ရှိစေရေးနှင့် တောင်သူအချင်းချင်း အထွက်နှုန်း ယှဉ်ပြိုင်ကြိုးစားလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် မျိုး၊ မြေ၊ ရေ၊ နည်း အဓိကအချက်ကြီး(၄)ချက်အား ခေတ်မီ စိုက်နည်းစနစ်များအသုံးပြု၍ စိုက်ပျိုးသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သီးထပ်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် သာယာဝတီမြို့နယ်နှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် အုတ်ဖိုမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်ခဲ့သည်။ ၎င်းနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မိုးစပါး၊ နွေစပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ အစေ့ထုတ်ပြောင်းနှင့် ကြံသီးနှံများ ပန်းတိုင်အထွက်နှုန်းကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးနိုင်ခဲ့ သည့် တောင်သူများအား ဂုဏ်ပြုမှတ်တမ်း၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာများ အသီးသီး ဂုဏ်ပြု ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိခဲ့သည့် ထူးချွန်တောင်သူ များက စိုက်ပျိုးသီးနှံအလိုက် အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက ထူးချွန် တောင်သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး တက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
သာယာဝတီခရိုင်အတွင်း မိုးစပါးစိုက်ရာသီတွင် တစ်ဧကအထွက်နှုန်း (၁၈၃.၂၁)တင်း၊ နွေစပါး ရာသီတွင် တစ်ဧကအထွက်နှုန်း(၁၆၅)တင်း၊ မတ်ပဲသီးနှံတွင် တစ်ဧကအထွက်နှုန်း(၄၂)တင်း၊ ပဲတီစိမ်း သီးနှံတွင် တစ်ဧကအထွက်နှုန်း(၃၉.၇၅)တင်း၊ မြေပဲသီးနှံတွင် တစ်ဧကအထွက်နှုန်း(၁၀၃)တင်း၊ နှမ်းသီးနှံ တွင် တစ်ဧကအထွက်နှုန်း(၂၆.၅၀)တင်း၊ အစေ့ထုတ်ပြောင်းသီးနှံတွင် တစ်ဧကအထွက်နှုန်း(၁၄၁.၂၅) တင်းနှင့် ကြံသီးနှံတွင် တစ်ဧကအထွက်နှုန်း(၃၇)တန် စိုက်ပျိုးထွက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့သည့် ထူးချွန်တောင်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးအပ် ခဲ့ခြင်းကြောင်း သတင်းရရှိသည်။