သာယာဝတီ ဧပြီ ၁၂
သာယာဝတီမြို့၊ ဆရာစံလမ်းမ၌ ဧပြီလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း ရာဂီမုန်တိုင်းမတိုင်မီ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုအပေါ် ပြန်လည်စိုက်ပျိုးပြီးစီးခဲ့သည့် မိုးစပါး စိုက်ဧကများအတွက် သွင်းအားစုဖိုး ၂၅ ရာခိုင်နှုန်း ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရာဂီမုန်တိုင်းမတိုင်မီ ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ပထမအကြိမ် ရေကြီးရေလျှံမှုကြောင့် မြို့နယ်(၂၅) မြို့နယ်တွင် သီးနှံစိုက်ဧက (၄)သိန်း(၉)သောင်းကျော် ရေကြီးနစ်မြှုပ်ခဲ့ပြီး မိုးစပါး (၈၂၁၆၉)ဧက အပါအဝင် သီးနှံဧက (၁)သိန်း(၂)သောင်းကျော် ပျက်စီးခဲ့ရာ သာယာဝတီခရိုင်သည် မိုးစပါး(၅၅၁၆၆)ဧကဖြင့် အများဆုံး ပျက်စီးခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း ပျက်စီးခဲ့သည့် မိုးစပါးဧကများကို အရန်ပျိုးခင်းများမှ ပျိုးပင်များဖြင့် စိုက်ပျိုးခြင်း၊ ရေကြီးနစ်မြှုပ်ခြင်းမရှိသည့် သက်တမ်းတူ မျိုးတူစပါးခင်းများမှ ဖာထေးစိုက်ပျိုးခြင်း၊ သားတက်ပွား စိုက်ပျိုးခြင်း၊ သက်တမ်းတိုစပါးမျိုး ရှာဖွေပေးခြင်းအပြင် ရာသီချိန်မီ စိုက်ပျိုးနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် စပါးပြန်လည်စိုက်ပျိုးဖို့ အခြေအနေ မပေးသည့် နေရာများတွင် မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာ၊ ဆောင်းနှမ်းနှင့် အစေ့ထုတ်ပြောင်း အပါအဝင် အောင်မြင်ဖြစ်ထွန်းသော သီးနှံတွေကို ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးခဲ့နိုင ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရာဂီမုန်တိုင်း မတိုင်မီကာလ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးမှု အပေါ် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ခဲ့သည့် မိုးစပါးစုစုပေါင်း(၈၂၁၆၉)ဧကအတွက် (၁)ဧကလျှင် သွင်းအားစုဖိုး ကျပ်(၅)သောင်းနှုန်းဖြင့် (၄.၁၀၈၄၅)ဘီလီယံအား သဘာဝဘေးစီမံ ထောက်ပံ့ရန်ပုံငွေအဖြစ် ထောက်ပံ့ပေးခဲ့ရာ သာယာဝတီခရိုင်အတွင်း ပျက်စီး ဆုံးရှုံးခဲ့မှုအပေါ် ပြန်လည်စိုက်ပျိုးနိုင်ခဲ့သည့် မိုးစပါး(၅၅၁၆၆)ဧကအတွက် သွင်းအားစုဖိုး ၂၅ ရာခိုင်နှုန်း တစ်ဧကလျှင် ကျပ်(၅)သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂.၇၅၈၃)ဘီလီယံ ထောက်ပံ့ငွေပေးအပ်သွား မှာဖြစ်ကြောင်း၊ နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက် ပေးမှုအပေါ် တောင်သူများအနေဖြင့် အကျိုးရှိရှိအသုံးချလျက် မိသားစုဝင်ငွေတိုးတက်ရရှိစေရေး ကြိုးစား ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရာဂီမုန်တိုင်းမတိုင်မီ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုအပေါ် ပြန်လည်စိုက်ပျိုးပြီးစီးခဲ့သည့် သာယာဝတီမြို့နယ်နှင့် လက်ပံတန်းမြို့နယ်တို့မှ မိုးစပါးစိုက် တောင်သူများကိုလည်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က မင်းလှမြို့နယ်နှင့် မိုးညိုမြို့နယ်တို့မှ မိုးစပါးစိုက် တောင်သူများကိုလည်းကောင်း၊ စီးပွါးရေးရာဝန်ကြီး ဦးတင်ဦးက အုတ်ဖိုမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့မှ မိုးစပါးစိုက် တောင်သူများကို လည်ကောင်း သွင်းအားစုဖိုး ၂၅ ရာခိုင်နှုန်း ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ရာဂီမုန်တိုင်းမတိုင်မီ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုအပေါ် ပြန်လည်စိုက်ပျိုး ပြီးစီးခဲ့သည့် မြို့နယ်(၆)မြို့နယ်မှ တောင်သူများကိုယ်စား တောင်သူတစ်ဦးက သွင်းအားစုဖိုး ၂၅ ရာခိုင်နှုန်း ထောက်ပံ့ငွေပေးအပ်မှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။