Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သာယာဝတီမြို့၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေး

သာယာဝတီမြို့၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေး

သာယာဝတီ ဩဂုတ် ၂၀

          သာယာဝတီမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ သာယာဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် စာကြည့်တိုက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ထို့နောက် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား ပညာ့ အားမာန်စုဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၂)အခြေခံပညာအထက်တန်းမှာ ကျောင်းသား /ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာကျောင်းများကို အခြေ ပြုပြီး နိုင်ငံ့အနာဂတ်စွမ်းအား အရင်းအမြစ်ပြုစု ပျိုးထောင်မှုများ အရှိန်အဟုန် မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက် များသို့ ဝင်/ထွက် သွားလာသည့် အလေ့အကျင့်များ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာ အတွေးအခေါ်မြင့်မားရေး ဗဟုသုတပြည့်စုံကြွယ်ဝရေးအတွက် စာတတ်သူတိုင်း စာဖတ်ကြ ရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများဖြစ်လာ စေရန် ရည်ရွယ်ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ မိမိတို့ပဲခူးတိုင်းဒေသကြီးအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို မြို့နယ်(၁၄)ခုမှာ ကျင်းပပေးသွားမှာဖြစ်ပြီး ယနေ့စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သည် (၅)ကြိမ်မြှောက် ကျင်းပပေးခြင်းဖြစ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ပူးပေါင်းဆောင်ရွက်မှုကော်မတီတို့ ပူးပေါင်း၍ ကျောင်းသား/သူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် အစပျိုးပေါင်းသင်ပေးခြင်းပင်ဖြစ် ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာများကို ကြိုးစား လေ့လာသင်ယူရင်း ဗဟုသုတရဖို့ စာပေများကို ဖတ်ရှု့လေ့လာကြစေလိုကြောင်း ပြောကြား ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများအတွက် စာအုပ်စာစောင်များကိုလည်းကောင်း၊ သာယာဝတီမြို့နယ် စာဖတ်ရှိန်မြှင့်တင် ရေး အခမ်းအနား၌ အသိပညာဗဟုသုတများ ရရှိစေရေး ဟောပြောပေးမည့် စာရေးဆရာကြီးများအား လည်းကောင်း ဂုဏ်ပြုဆုများအသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။၎င်းနောက် အခြေခံပညာအထက်တန်း အဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရကျောင်းသူတစ်ဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ကျပန်းစကားပြော သရုပ်ပြသခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် သာယာဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်လျက်ရှိသော စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲနှင့် စကားပုံ ဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်နေမှု၊ ဌာနဆိုင်ရာ အသိပညာပေးပြခန်းများ၊ ဘာသာရပ်ပိုင်း ဆိုင်ရာ အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် သာယာဝတီမြို့၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/သူများအား စားသောက်ဖွယ်ရာများ ပေးဝေခဲ့ကြောင်း သတင်းရရှိသည်။