Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သာယာဝတီမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် နွေစပါးစိုက်တောင်သူများအား သွင်းအားစု ပစ္စည်းများ ပေးအပ်ပွဲကျင်းပပြုလုပ်

သာယာဝတီမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် နွေစပါးစိုက်တောင်သူများအား သွင်းအားစု ပစ္စည်းများ ပေးအပ်ပွဲကျင်းပပြုလုပ်

သာယာဝတီ ဇန်နဝါရီ ၁၈
================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက် ပါလျက် ဇန်နဝါရီလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ် ဖြင့် နွေစပါးစိုက်တောင်သူများအား သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သာယာဝတီမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူ များအား တောင်သူစိတ်ကြိုက် လိုအပ်သော မျိုးစပါး၊ ယူရီးယား+ကွန်ပေါင်း ဓါတ်မြေဩဇာ၊ ရွက်ဖြန်း မြေဩဇာ၊ မှိုသတ်ဆေးနှင့် ပေါင်းသတ်ဆေးများအား ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူစိတ်ကြိုက် မှာယူထားသည့် သွင်းအားစုများအား ကြည့်ရှုစစ်ဆေးခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီးကျေးရွာနှင့် လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာတို့ရှိ ဆောင်းနေကြာသီးသန့်စံပြကွက်များအား ကြည့်ရှုစစ်ဆေး ခဲ့ ဝတ်မှုံကူးချိန်တွင် ပျားပုံးများချထားရန်၊ ဆောင်းနေကြာစံပြကွက်များသို့ ဒေသခံတောင်သူများ စုစည်း ခေါ်ယူ၍ တိုက်ရိုက်အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်း ကျေးရွာအနီး နွေစပါးစိုက်ဧက(၁၅၆၇)ဧကအတွက် စိုက်ပျိုးရေရရှိရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည် ကံတင်ဘီးလင်းဆည်ရေသောက်၊ လက်တံမြောင်း(၃)(၃)(၆) မြေသားတူးဖော် ဘောင်ဆင့်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တူးမြောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး အမှိုက်နှင့်မြက်ပင်များအား စဉ်ဆက်မပြတ် ရှင်းလင်းဆောင်ရွက်ရန်နှင့် မြေသားတူးမြောင်းအား ရေရှည် အသုံးပြုနိုင်စေရေး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့၊ Smart Home Co., Ltd ထုတ်လုပ်လျက်ရှိသော အိမ်သုံး/စက်ရုံသုံး ကြွေပြားပစ္စည်းအမျိုးမျိုးအရောင်းဆိုင်သို့ ရောက်ရှိခဲ့ပြီး ပြည်ပသွင်းကုန် လျော့ချနိုင်ရေး၊ ပြည်တွင်းထွက် ကုန်ကြမ်းပစ္စည်များဖြင့် ပြည်ပဈေးကွက်ကို ယှဉ်ပြိုင်နိုင်သည့် ကြွေပြားအမျိုးမျိုး ထုတ်လုပ် ရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တို်ငးဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့၊ နွေစပါး မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် ဗီယက်နမ်မျိုး နွေစပါးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကျေးလက်နေတောင်သူ များ၏ လူမှုစီးပွားဘဝများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေး နေသလို တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း စိုက်ပျိုးရေရရှိရေးနှင့် သွင်းအားပစ္စည်းများ ဈေးနှုန်း သက်သာစွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိသည့် အစီအစဉ်များကို ဒေသခံတောင်သူများအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။