Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်တိုးမြှင့်နိုင်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းပြောကြား

သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်တိုးမြှင့်နိုင်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းပြောကြား

ပဲခူး ဇွန် ၉

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၉)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ ဒေသထွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကုန်ကြမ်းပစ္စည်း များဖြင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားရ မှာဖြစ်ကြောင်း၊ ဒေသ တွင်း MSME ထုတ်ကုန်များ ရေရှည်အာမခံချက်နှင့် ဈေးကွက်ရရှိစေရေး ဆောင်ရွက်ပေး သွားရမှာဖြစ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများကို ထိရောက်စွာတားဆီး ဆောင်ရွက်သွားရမှာဖြစ်သလို သွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး တွင်တွင်ကျယ်ကျယ် ထုတ်လုပ်စားသုံး နိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးသွားရမှာဖြစ်ကြောင်း၊ ဒေသထွက် ကုန်ကြမ်းပစ္စည်းများအား အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added Product) အဖြစ် ထုတ်လုပ်နိုင်ရေး လိုအပ်သည့် အရင်းအနှီး၊ နည်းပညာ ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်သလို FDA ထောက်ခံချက်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ Good Aquaculture Practice(GAqP) နည်းလမ်းများအတိုင်း မွေးမြူထုတ်လုပ်ရန် အရေးကြီးကြောင်းနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေး၊ ပို့ကုန်တိုးမြှင့်နိုင်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးအတွင်း ထုတ်လုပ်နိုင်မည့် ထုတ်ကုန်ပေါ်မူတည်ပြီး စီမံချက်ရေးဆွဲဆောင်ရွက်ရန် လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီတို့၏ လမ်းညွှန်ချက်များအတိုင်း MSME လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အဖွဲ့ဝင်များက စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန် များ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ ကြပြီး ပေါင်းဆန်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့လျက်ရှိသည့် ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ဒေသတွင်း တန်ဖိုးမြှင့်ထုတ်ကုန် (Value Added Product) ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များအား နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေများဖြင့် လု်ပငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့် အခြေအနေများ အား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။