Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပဲခူး နိုဝင်ဘာ ၃၀

==================

          ပဲခူးမြို့၌ နိုဝင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ဖွင့်လှစ်ပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့်အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ကျောင်းအုပ်ကြီး တို့ကအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) နဖူးစည်းဆိုင်းဘုတ်အား Touching magic Ball ဖြင့် ဖွင့်လှစ်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက စက်မှုအင်ဂျင်နီယာ အလုပ်ရုံနှင့် မြို့ပြအင်ဂျင်နီယာအလုပ်ရုံများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ ၎င်းနောက် ကမ္ဗည်းမော်ကွန်းကြေးပြားအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး လျှပ်စစ်ဆိုင်ရာလက်တွေ့ခန်းများ၊ ရူပဗေဒဆိုင်ရာလက်တွေ့ခန်းများ၊ ဓါတုဗေဒဆိုင်ရာလက်တွေ့ခန်းများနှင့် ကွန်ပျူတာခန်းများအား လှည့်လည် ကြည်ရှုခဲ့ကြသည်။

          ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ဖွင့်လှစ်ပွဲ ဒုတိယအပိုင်း အခမ်းအနားအား အဆိုပါ ကျောင်း စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပထမဦးစွာ ကျောင်းသား/သူလေးများက “မင်္ဂလာပါ” တေးသီချင်း ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုစေနိုင်ပြီး အရည်အချင်းပြည့်ဝ သော လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ဖွင့်လှစ်ပေး နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍတွင် အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍတို့မှာသာမက နည်းပညာနှင့်သက်မွေးပညာကဏ္ဍမှာလည်း တိုးချဲ့ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရာတွင် နည်းပညာကျွမ်းကျင်သော အတတ်ပညာရှင်များ၊ လုပ်သားများ အမှန်တကယ်လိုအပ်ပြီး ကျွမ်းကျင်မှုရှိမှသာ အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိနိုင်မှာဖြစ်ကာ လုပ်အားနှင့်ထိုက်တန်သည့် လုပ်ခလစာကို ခံစားခွင့်ရရှိနိုင်မှာဖြစ်ကြောင်းနှင့် ဒေသတွင်း သိပ္ပံနှင့်နည်းပညာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အားလုံးပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် မြို့မိ/မြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ကျောင်းသား/သူလေးများက “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ရိုးရာယဉ်ကျေးမှုနှင့် GTI ကျောင်းတော်” သီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး ဆရာမများ၊ ကျောင်းသား/သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း နည်းပညာတက္ကသိုလ်(၂)ခု၊ ကွန်ပျူတာတက္ကသိုလ်(၂)ခု၊ နည်းပညာနှင့် သက်မွေးပညာရပ်များ သင်ကြားပေးလျက်ရှိသည့် အစိုးရစက်မှုလက်မှုသိပ္ပံ(၃)နှင့် အစိုးရနည်းပညာအထက် တန်းကျောင်း(၂)ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတက္ကသိုလ်အနီးရှိ ရှေးဟောင်းဆုတောင်းပြည့် ကျိုက်ပညာယျ စေတီတော်ကြီး ဘက်စုံပြုပြင်မွန်းမံနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။