Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အားကစားပြိုင်ပွဲများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အားကစားပြိုင်ပွဲများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဒီဇင်ဘာ ၄

=====================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအားချီးမြှင့်ခဲ့သည်။ ၎င်းနောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်မှ ပေးပို့သော သဝဏ်လွှာ Video Clip နှင့် မသန်စွမ်းမှုအသိပညာပေး Video Clip တို့အား ကြည့်ရှုခဲ့ကြသည်။

          ထို့နောက် မသန်စွမ်းကလေးငယ်များက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသည့် မသန်စွမ်းကလေးငယ်များနှင့် မိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်း အမှတ် ဆုရစာစီစာကုံးများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင်  ပဲခူးခရိုင်အားကစားကွင်း၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြ ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများမှ ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။

     ဆက်လက်၍ ဆုချီးမြင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ ဉာဏ်ရည်မမှီအားကစားသမားများအား မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမြင့်ခိုင်တို့မှလည်းကောင်း၊ အလျားခုန်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ သံပြားဝိုင်းပစ်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲနှင့်  စားပွဲတင်တင်းနစ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊  တိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများကငွေသားဆုနှင့် ဆုတံဆိပ်များအား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဉာဏ်ရည်မမှီ အားကစားသမားများအား အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ကာ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။