Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများပပျောက်အောင် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများပပျောက်အောင် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး နိုဝင်ဘာ ၂၅

==========

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုဝင်ဘာလ(၂၅)ရက်နေ့ကို အပြည်ပြည် ဆိုင်ရာအမျိုးသမီး အကြမ်းဖက်မှုများပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားရှိပြီး နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားရှိခြင်းကြောင့် ပဲခူးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့် အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အကြိုလှုပ်ရှားမှုအဖြစ် လူစည်ကားရာနေရာများတွင် အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို အမျိုးသမီးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ (၁၆)ရက်တာကာလအတွင်းမှာ ကျား၊မအခြေပြုအကြမ်းဖက်မှုနှင့် ပတ်သက်သည့် အသိပညာပေးသင်တန်းများကိုလည်း ခရိုင်၊ မြို့နယ်များမှာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ကြောင်း၊ ယခုနှစ်ဆောင်ပုဒ်သည် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစု လှုပ်ရှားပေး”ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှကာကွယ်ရန် နှင့် တုံ့ပြန်မှုများဆောင်ရွက်ရန်အတွက် အသိပညာပေးခြင်းအပြင် ဘတ်ဂျက်နှင့်မူဝါဒများ ချမှတ်ဆောင် ရွက်ခြင်း၊ သုတေသနပြုခြင်း၊ စစ်တမ်းကောက်ယူခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ အင်အားစုတစ်ရပ်ဖြစ်သည့် အမျိုးသမီးများ၏ အခန်းကဏ္ဍ ကိုမြှင့်တင်ပေးခြင်း၊ အမျိုးသမီးများ/အမျိုးသမီးငယ်ရွယ်များအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက် ပေးခြင်းတို့သည် အမျိုးသမီးများ၏ အခွင့်အရေးအပြည့်အဝရရှိစေရန် ဖြည့်ဆည်းပေးနေခြင်းဖြစ်ပြီး နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များမှာ အထောက်အကူပြုနိုင်မှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အမျိုးသမီးကော်မတီဝင်များအနေဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများပပျောက်အောင် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက် သွားကြရန် အမှာစကားပြောကြားသည်။

      ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Video အားကြည့်ရှု့အားပေးခဲ့ကြပြီး ပြခန်း၌ ပြသထားသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးပိုစတာများနှင့် လှုပ်ရှားမှုမှတ်တမ်း ဓါတ်ပုံများ အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။