Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မိသားစုသင်္ကြန်မဏ္ဍပ်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ဂုဏ်ပြုအားပေး

အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မိသားစုသင်္ကြန်မဏ္ဍပ်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ဂုဏ်ပြုအားပေး

ပဲခူး ဧပြီ ၁၄

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တို့သည် ဧပြီလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မိသားစုသင်္ကြန်မဏ္ဍပ်သို့ သွားရောက်ဂုဏ်ပြုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများအား အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ တပ်မမှူးနှင့် ဇနီးတို့က အတာရေပတ်ဖျန်း၍ ကြိုဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က တပ်ခွဲများအလိုက် တပ်မိသားစုများက ယိမ်းအကများ၊ တေးသရုပ်ဖော်များ၊ နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေတက်ဆက်မှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့နောက် ဖြေဖျော်တင်ဆက်ခဲ့ကြသည့် တပ်မတော်မိသားစုဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတို့က ဂုဏ်ပြုဆုငွေများ အသီးသီးဂုဏ်ပြု ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့က ယိမ်းအဖွဲ့များနှင့် နိုင်ငံကျော်အဆိုတော်များအား အတာရေများသွန်းလောင်းခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပဲခူးမြို့၊ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။ ၎င်းနောက် ပြည်သူများနှင့်အတူ လမ်းလျှောက်သင်္ကြန်ပါဝင်ဆင်နွှဲခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် သင်္ကြန်ပွဲ လာ ပြည်သူများအား နေ့စဉ်စတုဒီသာ(ထင်း+ဟင်း) ကျွေးမွေးနေမှုနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် လမ်းတစ်လျှောက် ဌာနဆိုင်ရာရေကစားမဏ္ဍပ်များ၏ နေ့စဉ်စတုဒီသာ(မုန့်မျိုးစုံ) ကျွေးမွေးနေမှုတို့အား သွားရောက်ကြည်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

          ပဲခူးမြို့၊ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တွင် နေ့စဉ် နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေ တင်ဆက်မှု၊ စတုဒီသာကျွေးမွေးမှုများကြောင့် ရေကစားလာသည့် ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ ကြောင်း သတင်းရရှိသည်။