Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စေတနာရှင်ပြည်သူများက ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စေတနာရှင်ပြည်သူများက ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၃

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၃)ရက်နေ့၊ မွန်းလွဲပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စေတနာရှင်ပြည်သူများက ကူညီ ထောက်ပံ့သည့် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာသေးမီက ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှုဖြစ်စဉ်တွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များမှ နေ့ညမပြတ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တွင် ရှေ့ဆုံးမှပါဝင်ဆောင်ရွက်ခဲ့သလို ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း အင်ပြည့်အားပြည့် ဆောင်ရွက်ပေးခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး မိမိတို့၏ အသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်လည်း ရှေ့ဆုံးမှ ပါဝင်ဆောင်ရွက်နေသူများပင်ဖြစ်ကြောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုသည့်အနေဖြင့် ဒေသခံပြည်သူများက အပြန်အလှန် ကျေးဇူးတရားနားလည်ပြီး ထောက်ပံ့ငွေများ လာရောက်ပေးအပ်မှုအပေါ် အထူးဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ဌာနဆိုင်ရာများ၏ ထောက်ပံ့ငွေများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ စေတနာရှင်ပြည်သူများ၏ ထောက်ပံ့ငွေများအား တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး လက်ခံရယူခဲ့ကြောင်း သိရှိရသည်။    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ စေတနာရှင် ပြည်သူများ စုပေါင်း၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော် ကာကွယ်ရေး နှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ ငွေကျပ်(၂၇၆၂)သိန်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ် (၁၁)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) တက်ရောက်မည့် သင်တန်း သား/သူများနှင့် တွေ့ဆုံဩဝါဒစကား ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် သင်တန်းသားသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်းအမှတ်စဉ်(၁၁)သို့ သင်တန်းသူ(၃)ဦး၊ တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)သို့ သင်တန်းသား/သူ (၂)ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။