ပဲခူး အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၂၄ ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ၌ အမျိုးသား တံခွန်စိုက်ဖလားနှင့် စုပေါင်းတံခွန်စိုက်ဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ပဲခူးတိုင်း ဒေသကြီးလက်ဝှေ့အသင်းအား ဂုဏ်ပြုခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လက်ဝှေ့အသင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများက တစ်ဦးချင်း ဂါရဝပြု မိတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲတွင် အနိုင်မခံ အရှုံးမပေးစိတ်ဖြင့် ရိုးသားကြိုးစားစွာ ဝင်ရောက် ယှဉ်နိုင်ခဲ့ပြီး ဆုတံဆိပ်များ၊ စုပေါင်းတံခွန်စိုက်ဆုဖလားနှင့် တံခွန်စိုက်ဆုဖလားများရရှိအောင် စွမ်းဆောင် နိုင်ခဲ့ကာ ပဲခူးတိုင်းဒေသကြီး၏ဂုဏ်ကို လက်ဝှေ့အားကစားနည်းဖြင့် မြှင့်တင်ပေးနိုင်ခဲ့ကြသည့် တိုင်း ဒေသကြီးလက်ဝှေ့အားကစားသမားများကို အထူးပင်မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ နောင်လာမည့် တိုင်းဒေသကြီး/ပြည်နယ် ပြိုင်ပွဲများတွင်လည်း ယခုထက်ပိုမိုအောင်မြင်မှုများရရှိနိုင်ရေးအတွက် ယခု ကတည်းက လေ့ကျင့်လေ့လာ ကြိုးစားအားထုတ်သွားကြစေလိုကြောင်း ဂုဏ်ပြုအမှာစကား ပြောကြား ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံသို့ အသင်းနည်းပြအုပ်ချုပ်သူများက အမျိုးသားတံခွန်စိုက်ဖလားနှင့် စုပေါင်းတံခွန်စိုက်ဖလားတို့အားအပ်နှံခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် က ဆုရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီးလက်ဝှေ့အသင်း ကိုယ်စား အသင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲသို့ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၄)သင်း၊ အမျိုးသမီးအသင်း(၁၄)သင်း၊ စုစုပေါင်း အင်အား(၂၂၃)ဦးအနက် ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၄)ခုဖြင့် အမျိုးသားတံခွန်စိုက်ဖလားနှင့် စုပေါင်းတံခွန်စိုက်ဖလား ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website