Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား /သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား /သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၄

===============

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇူလိုင်လ(၄)ရက်နေ့ နံနက်ပိုင်းက ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဩဝါဒအမှာစကား ပြောကြား သည်။

ထို့နောက် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ သူများအနက်မှ (၆)ဘာသာဂုဏ်ထူးရှင်များနှင့် မြန်မာတစ်နိုင်ငံလုံးတွင် ဝိဇ္ဇာဘာသာဖြင့် ပဉ္စမအဆင့်ရရှိခဲ့ သည့်(၅)ဘာသာဂုဏ်ထူးရှင်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှလည်းကောင်း၊ (၅)ဘာသာဂုဏ်ထူးရှင်များနှင့် (၄)ဘာသာဂုဏ်ထူးရှင်များအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့ကလည်းကောင်း ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ဆုရကျောင်းသား/သူများကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် မအိမ့်စံမှီထွဋ်က ကျေးဇူး တင်စကား ပြန်လည်ပြောကြားပြီး ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကာ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး သီဆိုဖျော်ဖြေ တင်ဆက်ကြသော ကျောင်းသား/သူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာရင်းရှိ(၂၉၈၅၄)ဦးအနက် ဖြေဆိုသူ(၂၇၁၂၃)ဦး၊ အောင်မြင်သူ (၁၂၅၀၀)ဦးဖြစ်၍ (၄၆.၀၉%)အောင်မြင်ခဲ့ပြီး (၆)ဘာသာဂုဏ်ထူး (၄)ဦး၊ (၅)ဘာသာဂုဏ်ထူး(၂၅)ဦး၊ (၄)ဘာသာဂုဏ်ထူး(၇၆)ဦး၊ (၃)ဘာသာဂုဏ်ထူး(၃၈၄)ဦး၊ (၂)ဘာသာ ဂုဏ်ထူး(၅၇၄)ဦး၊ (၁)ဘာသာဂုဏ်ထူး(၄၃၄၅)ဦး၊ ရိုးရိုးအောင်မြင်သူ(၇၀၉၂)ဦးရှိကြောင်း သတင်းရရှိသည်။