Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ နှင့် အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ နှင့် အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၇

======================

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမတွင် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့် ခန်း (အေရိုးဗစ်)ပြိုင်ပွဲနှင့် အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ဝန်ကြီးချုပ်၏ လမ်းညွှန်ဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုအမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)အသင်းနှင့် အလေးမအသင်းတို့မှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများမှ တစ်ဦးချင်း မိတ်ဆက်ကြသည်။

         ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ကြမည့် အားကစားသမားများအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာရေးနှင့် သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှု စသည့်အခြေခံကောင်းတွေကိုပါ အစွမ်းကုန်ဖော်ထုတ်ရင်း အနိုင်ရရှိရေးအတွက် ကြိုးပမ်းယှဉ်ပြိုင် သွားကြရန်၊ ပြိုင်ပွဲကာလအတွင်းမှာလည်း ကိုဗစ်(၁၉)စည်းကမ်းချက်များနှင့်အညီ အနေအထိုင်၊ အစားအသောက်ဆင်ခြင်ပြီး မိမိကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ တိုင်းဒေသကြီး ကိုယ်စားပြု အသင်းများအနေဖြင့် ရွှေ၊ငွေ၊ကြေး ဆုတံဆိပ်များအပြင် အသင်းလိုက်တံခွန်စိုက်ဆုဖလားရရှိအောင် ကြိုးစားယှဉ်ပြိုင်ကြရန်လိုကြောင်း ပြောကြားသည်။

      ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲနှင့် အလေးမပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အေရိုဗစ်အသင်းအတွက် ထောက်ပံ့ငွေကျပ်(၁၅)သိန်းနှင့် အလေးမအသင်းအတွက် ထောက်ပံ့ငွေကျပ်(၁၅)သိန်းတို့အား ထောက်ပံ့ပေးအပ်ပြီး ‌အသင်းအုပ်ချုပ်သူ နှင့် နည်းပြများထံ အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။

       ယင်းနောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြင့်ခိုင်မှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

        နေပြည်တော်တွင် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့မှ(၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးမှ အုပ်ချုပ်သူ နည်းပြများ၊ အားကစားသမား(၁၄)ဦးနှင့် ဖေဖော်ဝါရီ(၂၈)ရက်နေ့ မတ်လ(၄)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အလေးမပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးမှ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမား(၁၁)ဦး သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။