Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၀

=====================

          အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းစဉ်များအား အားလုံးပူးပေါင်း ဆောင်ရွက်မှသာ ကောင်းမွန်ပြီး သာယာလှပသည့် ကမ္ဘာမြေကြီးကို အနာဂတ် မျိုးဆက်သစ်များဆီသို့ လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ယင်းသို့ ပြောကြားသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယနေ့ကမ္ဘာပေါ်တွင် စွမ်းအင်အရင်းအမြစ်များ၊ ဒြပ်ပစ္စည်းများ မဆင်မခြင် သုံးစွဲမှုများကြောင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် နေ့စဉ်ကြုံတွေ့နေရ ကြောင်း၊ အဓိကအားဖြင့် ကမ္ဘာ့အိုဇုန်းလွှာပျက်စီးမှုကို ထိန်းသိမ်းကာကွယ်နိုင်မှသာ သက်ရှိကမ္ဘာ ရေရှည်တည်တံ့ ခိုင်မြဲနိုင်မှာဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အတွက် ဆောင်ပုဒ်မှာ “၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး သက်ရှိတွေ ကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” အဖြစ်သတ်မှတ်ထားရပြီးဖြစ်သဖြင့် စာချုပ်ပါအချက်အလက်များအား ကဏ္ဍအလိုက် တိတိကျကျ လိုက်နာ၍ မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းစဉ်များအား အားလုံးပူးပေါင်းဆောင်ရွက်မှသာ ကောင်းမွန်ပြီး သာယာလှပသည့် ကမ္ဘာကြီးကို အနာဂတ် မျိုးဆက်သစ်များဆီသို့ လက်ဆင့်ကမ်းပေးနိုင်မှာဖြစ် ကြောင်း အသိအမှတ်ပြုစေလိုကြောင်း ပြောကြားသည်။

          အဆိုပါ အခမ်းအနားတွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပထမဆု ရရှိသူအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း၊ ဒုတိယဆုရရှိသူအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်ကလည်းကောင်း၊ တတိယဆုရရှိသူအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်း လွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုကို ကြည့်ရှုကြပြီး ခန်းမအတွင်း ပြသထားသော ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး စာစောင်များ၊ ပိုစတာများ၊ ဆုရကျောင်းသား/သူများ၏ စာစီစာကုံးများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။