Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၈

======================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက လူတိုင်းအတွက် ပညာရေးသီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူတိုင်းစာတတ်မြောက်ရေးသည် အဓိကအရေးကြီးအပိုင်းတွင် ပါဝင်လျက်ရှိကြောင်း၊ စာတတ်မြောက်ခြင်းသည် လူသားအားလုံးအတွက် ပို၍တည်တံ့ခိုင်မြဲသော အနာဂတ်ကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း၊ စာမတတ်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမှား/အမှန် မခွဲခြားနိုင်ဘဲ အကြမ်းဖက်မှု၊ ပဋိပက္ခများနှင့် ဆင်းရဲမွဲတေမှုတို့ကို ဖြစ်ပေါ်စေနိုင်သည့် အကျိုးသက်ရောက် မှုများရှိနိုင်သဖြင့် လူတိုင်းစာတတ် မြောက်ရေးသည် အလွန်အရေးကြီးပြီး အဓိကရေသောက်မြစ်တစ်ခုဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ် မြောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော သင်ယူမှုဝန်းကျင်များ ချဲ့ထွင်သင်ယူကြပါစို့ ဆိုသည့်အတိုင်း လူတိုင်းစာတတ်မြောက်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်တင် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးစိုးလွင်က နိုင်ငံတကာစာတတ် မြောက်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် UNESCO အတွင်းရေးမှူး၏ သဝဏ်လွှာအား ဖတ်ကြား တင်ပြခဲ့ပြီး နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Video Clip အား ပြသခဲ့သည်။ ၎င်းနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။