Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၃၀

==================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “မြန်မာ့ကျောင်း” သီးချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူ များအား ဂုဏ်ပြုဩဝါဒစကား ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅)ဘာသာနှင့် (၄)ဘာသာဂုဏ်ထူး ရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ ဝန်ကြီးတို့က (၄)ဘာသာဂုဏ်ထူး ရရှိသူများ အားလည်းကောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများက (၃)ဘာသာဂုဏ်ထူးရရှိသူများအားလည်းကောင်း ဂုဏ်ပြု မှတ်တမ်းနှင့် ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက်  ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများကိုယ်စား ကဝမြို့နယ်၊ အထက(ဖလေး)မှ (၅)ဘာသာဂုဏ်ထူးရှင် မသဲထက်စုက ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ အမှတ်(၁)နှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား/သူများက “ကလက်စုံညီရှိဦးချီ”သီချင်းနှင့် “ပြည်မြန်မာ”သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၂၃၉၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၈၅၃၁)ဦး အောင်မြင်ခဲ့ရာ အောင်မြင်မှု(၆၈.၈၃) ရာခိုင်နှုန်းရရှိခဲ့ ပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိမှုအနေဖြင့် (၅)ဘာသာဂုဏ်ထူးရရှိသူ(၁၉)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ (၁၁၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၃၉၃)ဦး ရရှိခဲ့သဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စုစုပေါင်း ငွေကျပ် (၈၆၅၀၀၀၀၀)(ကျပ် ရှစ်ရာခြောက်ဆယ့်ငါးသိန်း တိတိ) ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။