Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်

ပဲခူး ဩဂုတ် ၁၆

=======================

          ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားအား ဩဂုတ်လ(၁၅)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာသန်စွမ်း သည့် လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရန်နှင့် လူတစ်ဦးချင်းစီ၏ ပျှမ်းမျှ သက်တမ်း တိုးမြှင့်နိုင်ရေးအတွက် ကျောင်းသားလူငယ်များ ကျန်းမာရေးအဆင့် အတန်းမြင့်မားရေးသည် အဓိကကျသောကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်သည် ပညာရေးနှင့်ကျန်းမာရေး ပေါ်တွင် မူတည်လျက်ရှိရာ ဉာဏ်ရည်ထက်မြတ်ပြီး ကျန်းမာသန်စွမ်းမှသာ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်မှာဖြစ်သည့်အတွက် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးကို အထူးဂရုပြု ပြုစုပျိုးထောင်ပေးသွားရမှာဖြစ် ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ပေးနိုင်ရန်အတွက် အခြေခံကျသည့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို အဓိကဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသားလူငယ် များအနေဖြင့် ကျန်းမာရေးကို ထိခိုက်စေသည့် အမူအကျင့်များကို ရှောင်ရှားပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်ပြုမူရွေးချယ် စားသောက်တတ်စေရေးနှင့် ရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို သိရှိနားလည်သဘောပေါက်စေရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်အတွက် ကောင်းမွန်သော လူ့စွမ်းအားအရင်းမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအဆင့်မြှင့် တင်ပေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများနှင့် ပြည်သူများ အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စိန်ထွန်းကျောင်းမှ ကျောင်းသား/သူ များက တစ်ကိုယ်ရေသန့်ရှင်း ကျန်းမာခြင်း တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။

          ယင်းနောက် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် Video Clip အား ကြည့်ရှု အားပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနား တက်ရောက်လာသည့် ကျောင်းသားလူငယ်များအား Vitamin(A) ဆေးလုံးများတိုက်ကျွေးခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ ကျောင်းကျန်းမာရေး အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ်များအား အာဟာရအစားအစာများ သွားရောက်တိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။

        ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပဲခူးတို်ငးဒေသကြီးအတွင်း ကျောင်းကျန်းမာရေးအနေဖြင့် စာသင်ကျောင်းပေါင်း(၁၁၄၀)ကျောင်း၊ ကျောင်းသားဦးရေ(၆၈၆၅၅)ဦးအား ကျန်းမာရေးစစ်ဆေးပေးနိုင်ခဲ့ပြီး အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပြီး ကျောင်းသား/သူ(၈၂)ရာခိုင်နှုန်း၊ အသက်(၁၂)နှစ်အထက် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးဒုတိယ အကြိမ်ထိုးနှံ ပြီး ကျောင်းသား/သူ(၉၀)ရာခိုင်းနှုန်းရှိကြောင်း သတင်းရရှိသည်။