Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၁၆

=================

          ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာတစ်ဝန်းလုံးမှာရှိသည့် နိုင်ငံအသီးသီး တွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိသော မတော်တဆဖြစ်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခများနှင့် ကပ်ဘေး ကျရောက်သည့် အခြေအနေများတွင် ရှေးဦးပြုစုခြင်းနည်းပညာများဖြင့် ချက်ခြင်းတုံ့ပြန်၍ လူအသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မတော်တဆထိခိုက်ဒဏ်ရာရရှိသည့် လူနာများအတွက် ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများကို အသင်းစတင် တည်ထောင်စဉ်ကတည်းက လူတိုင်းတတ်ထားအပ်သော ပညာရပ်များအဖြစ်ခံယူပြီး လူတိုင်းရှေးဦးပြုစုခြင်း ပညာရပ်များဖြင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှေးဦးပြုစုခြင်း အကူအညီ တွေကို ကြက်ခြေနီ၏ အခြေခံမူ(၇)ချက်ပါအတိုင်း တာဝန်ကျေပွန်စွာ ဆောင်ရွက်သွားရန်နှင့် ရှေးဦးပြုစုခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းမှ ရရှိသည့်အတွေ့ကြုံကောင်းများကို မိမိတို့တိုင်းဒေသကြီး အတွင်းမှာရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား ပြန်လည်ပြီးမျှဝေပေးကြရန်နှင့် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးပြု လူမှုကရုဏာလုပ်ငန်းများကို စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လူမှုရေးရာဝန်ကြီးတို့က မြန်မာနိုင်င ံကြက်ခြေနီအသင်း ဗဟိုအဆင့်တွင် ဆုရရှိခဲ့သည့် ကြက်ခြေနီ မောင်/မယ်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့မှ ကြက်ခြေနီမောင်/မယ် များက မတော်တဆထိခိုက်မှု ရှေးဦးပြုစုခြင်း သဏ္ဍာန်တူ သရုပ်ပြသခဲ့ကြပြီး ကြက်ခြေနီသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

          ယင်းနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ကြက်ခြေနီမောင်/မယ် များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

          မြန်မာနိုင်ငံကြက်ခြေနီဗဟိုအဆင့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့တွင် ပဲခူးမြို့နယ်သည် တစ်နိုင်ငံလုံးတွင် ရှေးဦးပြုစုခြင်းသင်တန်းအကြိမ်ရေအများဆုံး ဖွင့်လှစ်နိုင်မှုဆုနှင့် သာယာဝတီမြို့နယ်သည် ကဗျာပြိုင်ပွဲ တွင်လည်း ပထမဆုဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။