Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပန်းတောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပန်းတောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် စက်တင်ဘာ ၂၁
==================

ပြည်မြို့၊ တည်ဆောက်ရေး(၂)၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ထိ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရေးလုပ်ငန်းအား အောင်မြင်စွာကောက်ယူနိုင်ရေးနှင့် မြေပြင်စာရင်း ကောက်ယူရာတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး အရေးကြီးကြောင်း၊ အဆိုပါ သန်းခေါင်းစာရင်းကောက်ယူနိုင်ရေး စမ်းသပ်သန်းခေါင်စာရင်းအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂)မြို့နယ်၊ စာရင်းကောက်ကွက်(၉)ကွက် ကောက်ယူသွားမှာဖြစ်ကြောင်း၊ မြေပြင်စာရင်းကောက်ယူရာတွင် လူထပ်ခြင်းနှင့် ကျန်ရှိခြင်းမရှိစေရေး သက်ဆိုင်ရာ မြို့နယ်/ ရပ်ကွက်/ကျေးရွာအဆင့် သန်းခေါင်စာရင်းကော်မတီများက ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စာရင်းကောက်ယူနေစဉ်အတွင်း ဝန်ထမ်းများ၏ လုံခြုံရေးနှင့် သွားလာမှု အဆင်ပြေနိုင်စေရေး အားလုံးပူးပေါင်း ဆောင်ရွက်သွားရန် လမ်းညွှန်ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ဦးအောင်ဝင်းဦးက စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်၍ Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က လုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင် ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမည့် ပေါင်းတည်မြို့နယ် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌက ရပ်ကွက်/ ကျေးရွာအလိုက် တိကျမှန်ကန် မြန်ဆန်စွာ စာရင်းကောက်ယူသွားမည့် အစီအစဉ်များကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်၊ ရွာသာယာ ကျေးရွာအုပ်စုမှ စွန်းဦးတီထွင်စိုက်ပျိုးသူ တောင်သူ ဦးအေးစန်း၏ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ပီလောပီနံနှင့်နေကြာ (၂၀)ဧက စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးကွက်ခိုင်မာမှုရှိကာ တစ်ဧကလျှင်(၂၇)သိန်းခန့် အမြတ်ကျန်ရှိသဖြင့် အနီးပတ်ဝန်းကျင်မြေများတွင် မြေလပ်မရှိစိုက်ပျိုးရန်၊ တစ်ဧကသတ်မှတ်ပင်ဦးရေအတိုင်း အပြည့်အဝစိုက်ပျိုးသွားရန်၊ ပီလောပီနံအား အမှုန့်ပြုလုပ်ရောင်းချ နေရသဖြင့် ကုန်ချောအဆင့်ထိ တန်ဖိုးမြှင့် တိုးတက်ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်၊ တောင်ဘွေ အုပ်စု၊ ပဲကြီးအင်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေး ကျေးရွာတွင်းလမ်းများ ရေရှည်အသုံးပြုနိုင်စေရေး လမ်းကော်မတီများဖွဲ့စည်း၍ စနစ် တကျ ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပဲကြီးအင်း ကျေးရွာ (ဧရာဝတီမြစ်) ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ပြီး နှစ်အလိုက် ဘဏ္ဍာငွေလျာထား ဆောင်ရွက်သွားရန်၊ ဒေသခံပြည်သူများအား ကမ်းပြိုဘေးအန္တရာယ် အသိပညာပေးရန်နှင့် ကမ်းပြိုမှုကြောင့် အခြားတစ်ဘက်တွင် ဖြစ်ပေါ်လာသည့် မြစ်နုကျွန်းများအား နစ်နာသူ တောင်သူများအား ပြန်လည်အစားထိုးပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေါင်းမြတ်နားကျေးရွာအုပ်စုရှိ ဦးခင်ဇော်လတ်၏ (ဘရဏီ)အုတ်စက် အလုပ်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။