Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၃ ခုနှစ်၊ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ထောက်ပံ့ငွေများပေးအပ်

၂၀၂၃ ခုနှစ်၊ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ထောက်ပံ့ငွေများပေးအပ်

ပဲခူး ဧပြီ ၂၅

=================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဧပြီလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံမှ ဩဝါဒခံယူပွဲ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံအတွက် အညွန့်အဖူးလေးများဖြစ်သည့် လူငယ်မောင်မယ်များအား လူရည်ချွန်၊ လူရည်မွန်များဖြစ်စေ ရေးအတွက် ကျန်းမာသန်စွမ်းသော ကိုယ်ကာယ၊ ထက်မြတ်သောအနာဂတ်၊ မြင့်မြတ်သော အကျင့်စာရိတ္တ တို့နှင့်ပြည့်စုံစေပြီး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ပြုစု ပျိုးထောင်ပေးနိုင်ရေး လူရည်ချွန်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်းဖြစ် ကြောင်း၊ လူရည်ချွန်မောင်/မယ်များအနေဖြင့် သက်ဆိုင်ရာလူရည်ချွန်စခန်းများသို့ ရောက်သည့်အခါ တစ်ဦး နှင့်တစ်ဦး နားလည်စာနာမှု၊ သည်းခံခွင့်လွတ်မှု၊ အပြန်အလှန် ရိုင်းပင်းကူညီဖေးမမှု၊ အပြန်အလှည်မှီခိုအား ထားယုံကြည်မှုစသည့် စိတ်ဓါတ်ရေးရာ အခြေခံကောင်းများဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရမည်ဆိုသည့် ပြည်ထောင်စုစိတ်ဓါတ်နှင့်အညီ ကျင့်ကြံနေထိုင်ပြောဆို ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပဲခူးတိုင်း ဒေသကြီးဂုဏ်ဆောင် လူရည်ချွန်များအနေဖြင့် ဘာသာစကားကျွမ်းကျင်မှုရှိအောင်၊ ဝိဇ္ဇာသိပ္ပံနှင့် နည်းပညာ အခြေခံများ နားလည်အောင်၊ ဝေဖန်ပိုင်းခြားတတ်မှု၊ ရှေ့ဆောင်တီထွင်လုပ်ကိုင်တတ်မှု၊ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ အသက်မွေးဝမ်းကျောင်းပညာကို ချဉ်းကပ်လိုစိတ်၊ ပြည်သူ့နီတိအရည်အချင်းများနှင့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတန်ဖိုး၊ ကမ္ဘာ့လူအဖွဲ့အစည်းတန်ဖိုးတို့ကိုသိရှိနားလည်ပြီး မိမိနိုင်ငံကို ကာကွယ်တည်ဆောက်နိုင်သည့် နိုင်ငံ့သားကောင်းရတနာများ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစား ဆောင် ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်မည့် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် လူရည်ချွန် ကျောင်းသား/သူများနှင့် ကြီးကြပ်ဆရာ/ဆရာမများ စုစုပေါင်း(၅၄)ဦးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ထောက်ပံ့ငွေကျပ်(၅၄)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းသားတစ်ဦးက ဂါရဝပြု ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး သက်ဆိုင်ရာ လူရည်ချွန်အသီးသီးသို့ ထွက်ခွာမည့် လူရည်ချွန် ကျောင်းသား/သူများအား လက်ပြနှုတ်ဆက်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ ကျောင်း၊ သိရီပညာခန်း၌ ကျင်းပပြုလုပ်သည့် နွေရာသီ ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ ပြီး သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကာ သင်တန်းခန်းမအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ လိပ်ပြာကန် ပြန်လည်အဆင့်မြှင့် တင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အလှပန်းပင်များစနစ်တကျရှိရေး၊ ခေတ်မီသော မီးတိုင်အလှဒီဇိုင်းများ တပ်ဆင်နိုင်ရေး၊ အမှတ်တရ အလှဓါတ်ပုံရိုက်ကူးရန်နေရာ၊ ထားရှိမည့် အလှပစ္စည်းဒီဇိုင်းများနှင့် ဈေးဆိုင် ခန်းမြေနေရာများအား သေချာရွေးချယ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။