Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၈

==================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မြို့အနောက်-ခ)မှ ကျောင်းသား/ ကျောင်းသူလေးများ က “ကျောင်းမှန်မှန်တက် စာမခက်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူတိုင်းစာတတ်မြောက်ရေးသည် အဓိကအရေးကြီးအပိုင်းတွင် ပါဝင်လျက်ရှိပြီး စာတတ်မြောက်ခြင်းသည် လူသားအားလုံးအတွက် ပိုမိုတည်တံ့ ခိုင်မြဲသော အနာဂတ်ကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ကြောင်း၊ စာမတတ်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမှား/အမှန် မခွဲခြားနိုင်ဘဲ အကြမ်းဖက်မှု၊ ပဋိပက္ခများနှင့် ဆင်းရဲမွဲတေမှုတို့ကို ဖြစ်ပေါ်စေနိုင်သည့် အကျိုးသက်ရောက်မှုများရှိနိုင်သဖြင့် လူတိုင်းစာတတ်မြောက်ရေးသည် အလွန်အရေးကြီးပြီး နိုင်ငံတစ်ခုအတွက် အဓိကရေသောက်မြစ် တစ်ခုဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း KG+9 အဆင့် ပြီးမြောက်စေရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး အကြောင်း အမျိုးမျိုးကြောင့် အခြေခံပညာကျောင်းများတွင် ကျောင်းတက်ခွင့်မရသော ကျောင်းသား/သူ လူငယ်လေး များအား စာတတ်မြောက်စေရေး “ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်း”များဖြင့် ပညာသင်ကြား ပေးလျက်ရှိသလို လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော “တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်း ကမ္ဘာကြီးသို့ကူးပြောင်းဖို့ စာတတ်မြောက် ရေးမြှင့်တင်စို့” ဆိုသည့်အတိုင်း လူတိုင်းစာတတ်မြောက်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်တင် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးစိုးလွင်က နိုင်ငံတကာစာတတ် မြောက်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် UNESCO ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြား တင်ပြခဲ့ပြီး နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Video Clip အား ပြသခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းပြင်ပသင်ကြားရေးဆရာ/ဆရာမများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားခဲ့သည်။