Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး မေ ၂၆

=====================

ပဲခူးတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ(၂၆)ရက်နေ့ နံနက်ပိုင်းအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူ များနှင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။

            ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဟူသော နိုင်ငံတော်၏ ပညာရေးဆိုင်ရာ ဆောင်ပုဒ်နှင့်အညီ လူတိုင်းပညာတတ်မှ၊ လူတိုင်းပညာရှိမှ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိဘဲ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော သင်ယူမှုအခွင့်အလမ်း မြင့်မားရေးကိုဦးတည်ပြီး အခြေခံပညာကျောင်း များအားလုံး ပြန်လည်ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ကျန်းမာ၍ ဘေးကင်းလုံခြုံသော သင်ယူမှုဝန်းကျင်ကို ဖန်တီးလျက် သင်ယူမှုမဆုံးရှုံးစေရေး၊ မည်သည့်ခွဲခြားမှုမျှမရှိရေး၊ ကျောင်းထွက်နှုန်း လျော့ကျရေးကို ဦးစားပေးမူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူအားလုံးကို ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံနှင့်ဘောပင်များကို အခမဲ့ဖြန့်ဝေပေးကြောင်း၊ မိဘများအနေဖြင့် မိမိတို့ရဲ့ရင်သွေး ရတနာများကို တတ်သိလိမ္မာစေရေးအတွက် ဆရာ/မများထံအပ်နှံကာ ပညာရပ်အသီးသီးကို သင်ကြားစေရ မှာဖြစ်ပြီး ဆရာ/မများအပိုင်းမှလည်း မိမိတို့တတ်သိသမျှကို မချွင်းမချန်ဘဲ ပညာသာမက စိတ်ဓာတ်၊ စည်းကမ်းကောင်းသည့် နိုင်ငံသားကောင်း၊ သမီးမွန်များဖြစ်အောင် ပြုစု‌ပျိုးထောင်ပေးကြရန် လိုကြောင်း အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်အစိုးရမှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရိုင် ပညာရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

      ယင်းနောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးစိုးလွင်က ကျောင်းအပ်နှံရေး ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူ များက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေရေး ကျောင်းသား/သူများအား ဆုငွေများချီးမြှင့်ပေးခဲ့ကာ ကျောင်းအပ်နှံနေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

      ပဲခူးတိုင်းဒေသကြီးအတွင်း၌ စုစုပေါင်းအခြေခံပညာကျောင်းပေါင်း (၄၉၆၉)ကျောင်းရှိရာ နိုင်ငံတော်မှ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဗလာစာအုပ်(၈၄၂၆၇၂)ဒါဇင်၊ ကျောင်းသုံးပုံနှိပ်စာအုပ်(၈၆၅၅၆၄၃)အုပ်၊ ခဲတံ(၂၃၇၈၈၅)ဒါဇင်၊ ဘောပင်(၃၂၃၃၁)ဒါဇင်၊ ကျောင်းဝတ်စုံ(၆၀၅၄၉၀)စုံတို့အား အခမဲ့ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရသည်။