Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲကျင်းပ

ပဲခူး မတ် ၈

===============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၈)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၄ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစား သမားများမှ တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံး အသင်း၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့သည်။

         ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစား သမားများ ပေါ်ထွက်လာရေးနှင့် သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှုစသည့် အခြေခံကောင်းတွေကိုပါ အစွမ်းကုန်ဖော်ထုတ်ရင်း အနိုင်ရရှိရေးအတွက် ကြိုးပမ်းယှဉ်ပြိုင်သွားကြရမှာဖြစ်ကြောင်း၊ အားကစားကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်ရာတွင် လူငယ်/လူရွယ်များ အားကစားလုပ်ငန်းများတွင် ပါဝင်လာအောင် ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော် အတွက် တန်ဖိုးရှိသော စွမ်းရည်ထက်မြတ်သော နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာနိုင်မှာဖြစ်ကြောင်း၊ ပဲခူး တိုင်းဒေသကြီးမှ အရှေ့တောင်အာရှတွင်သာမက အာရှဒေသနယ်ပယ်တွင် ထင်ပေါ်ကျော်ကြားခဲ့သော အားကစားသမားများ မွေးထုတ်ပေးနိုင်ခဲ့သည့်နည်းတူ ထပ်မံ၍လည်း တိုင်းဒေသကြီးကိုယ်စားပြု နိုင်ငံ့ ကိုယ်စားပြု အားကစားသမားကောင်းများ ထပ်မံပေါ်ထွက်လာစေရေး အနိုင်မခံ အရှုံးမပေး နည်းစနစ်မှန်မှန် ဖြင့် ကြိုးစားယှဉ်ပြိုင်ကာ အောင်မြင်မှုများ ရရှိနိုင်စေကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ၂၀၂၄ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)အား ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်အားကစားသမားများ ရွေးချယ်မှု၊ စခန်းသွင်းလေ့ကျင့်မှုအခြေအနေများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အားကစားနည်းအလိုက် ချီးမြှင့် ဂုဏ်ပြု ထောက်ပံ့ပေးမှုများအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။