Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်

၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်

ပဲခူး ဇူလိုင် ၃

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသမီးများသည် လက်ဆင့်ကမ်းသွားမည့် မျိုးဆက်သစ်လူငယ်များကို ကျန်းမာခြင်း၊ ရောဂါကင်းစင်ခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုး စေခြင်းများကို မွေးဖွားခြင်းမှအစ အရွယ်ရောက်သည်အထိ ပဲ့ကိုင်ထိန်းသိမ်းစောင့်ရှောက်သွားသည်မှာ အမျိုးသမီးများသာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးရေးရာကော်မတီကို (၁၉၉၆)ခုနှစ်တွင်စတင် ဖွဲ့စည်းခဲ့ပြီး (၂၀၁၈)ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဟု အမည်ပြောင်းလဲခဲ့ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီး အခွင့်အရေးများနှင့် ကျား/မ ရေးရာ လုပ်ငန်းများ တန်းတူညီမျှဖို့နှင့် သာတူညီမျှစေဖို့ အမျိုးသမီးအခွင့်အရေး မြှင့်တင်ဆောင်ရွက်သည့် အစီ အစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံချက်ကို ထုတ်ပြန်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အမျိုးသမီးအခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ဖုန်းဖြင့်တိုင်ကြားနိုင်သည့်စနစ်မှ Online မှတစ်ဆင့် နည်းလမ်းပေါင်းစုံဖြင့် တိုင်းကြားနိုင်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထောင်စုနှစ်ရည်မှန်းချက်တွင်ပါဝင်သည့် “ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကားမြှင့်တင်ရေး”နှင့် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်တိုင်တွင်ပါဝင်သည့် “ကျား/မ တန်းတူညီမျှဖို့နဲ့ အမျိုးသမီးငယ်ရွယ်နှင့် အမျိုးသမီးအားလုံး စွမ်းဆောင်ရည် မြင့်မားစေရန်” တို့ကို အထူးအလေးထား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမျိုးသား/အမျိုးသမီး တန်းတူညီမျှရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်ကဏ္ဍစုံ၌ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေ ရေး ဦးတည်ချက်ထား အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကဏ္ဍအလိုက် ထူးချွန်ခဲ့သည့် အမျိုးသမီးများအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ သည်။

          ယင်းနောက် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆိုင်သော သမိုင်းမှတ်တိုင်များ Video Clip နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)အကြောင်း Video Clip အား ကြည့်ရှုခဲ့သည်။ ၎င်းနောက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသားများက တေးသီချင်းများဖြင့် အသီးသီးကပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက်က ဂုဏ်ပြုချီးမြှင့်ငွေများ ပြန်လည်ပေးအပ်ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ထူးချွန်ဆုရ အမျိုးသမီးများနှင့် တာဝန်ရှိသူများက အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။