Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁.၂) သန်း တိုးတက်ဝင်ရောက်ခဲ့

၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁.၂) သန်း တိုးတက်ဝင်ရောက်ခဲ့

ပဲခူး ဩဂုတ် ၁၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၆)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၄) ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ခြင်း၊ ရင်းနှီးမြှုပ်နှံနိုင်သည့် မြေနေရာများရှိခြင်း၊ လုပ်သားအင်အား ပေါကြွယ်ဝခြင်းစသည့် အခြေခံကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီး၌ အလုပ်ရှင် အလုပ်သမား ပြဿနာဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်အေးချမ်းစွာဖြင့် စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဇုန်ကြီးကြပ်ရေးနှင့်စစ်ဆေးရေးကော်မတီ အဖွဲ့ဝင်များ အနေဖြင့် တည်ဆောက်ဆဲ စက်ရုံ/အလုပ်ရုံများ၏ တည်ဆောက်ရေးလုပ်ငန်းများ ကြန့်ကြာမှုမရှိစေရေး ၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြီးကြပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ စက်ရုံ/အလုပ်ရုံများ ရေရှည်ရပ်တည်လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်း ကူညီဆောင်ရွက်ပေးရမှာဖြစ်သလို လုပ်သားများ၏ ရပိုင်ခွင့်များ၊ အခွင့်အရေးများပြည့်ပြည့်ဝဝ ရရှိ ခံစားနိုင်စေရေးကိုလည်း အထူးအလေးထား ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ယခုလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၁.၂)သန်း တိုးတက်ဝင်ရောက်ခဲ့ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ် ဆောင်ရွက်ရန် လိုအပ်မှာဖြစ်သလို လုပ်သားအင်အားများများ အလုပ်အကိုင်ရရှိနိုင်သည့် CMP လုပ်ငန်းများကိုလည်း ထပ်မံရင်းနှီးမြှုပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေး သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အဖွဲ့ဝင်တစ်ဦးက ပြည်ပရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးခြင်း၊ လည်ပတ်လျက်ရှိသည့် စက်ရုံ(၃)ခုမှ ကုန်ကြမ်းပစ္စည်း အသစ်တိုးတက်တင်သွင်း ခွင့် တောင်းခံခြင်းစသည့် အမှုတွဲဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက တင်ပြလာသည့် အမှုတွဲများနှင့်ပတ်သက်၍ အကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် က ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၄ခုနှစ်၊ဩဂုတ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ(၁.၂)သန်း ထပ်မံတိုးတက်ဝင်ရောက်လာခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၂၀၁.၃၁၅)သန်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ်(၈၁၁၁၁.၀၁၁)သန်း ဝင်ရောက်ခဲ့ကာ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း (၁၂၄၉၀)ဦး ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။