Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များမှ အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များမှ အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်

ပဲခူး အောက်တိုဘာ ၁၃

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများအား ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များမှ အဆိုအကများဖြင့် ဧည့်ခံ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

          ရှေးဦးစွာ မဟာဇနကဇာတ်တော်ကြီး ဝင်ရောက်ယှဉ်ပြိုင်မည့် “ရွှေမင်းသားလေး ကောင်းစစ်ဟိန်း” အဖွဲ့မှ “ရွှေဆုတွေဝိုင်း ရွှေပဲခူးတိုင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးခြင်းသည် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသော ပညာ၊ သမ္ဘာနှင့် အတွေ့အကြုံရင့်ကျက်သည့် ပညာရှင်များ၏ ထိန်းကျောင်းတည့်မတ်ပေးမှုဖြင့် ရွက်ပုန်း သီး အနုပညာရှင်များကို မြှင့်တင်ပေးပြီး အနာဂတ်မျိုးဆက်သစ်များအတွက် စဉ်ဆက်မပြတ် လက်ဆင့် ကမ်း ထိန်းသိမ်းနိုင်ရန်အတွက် အလေးအနက်ထား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နေပြည်တော်တွင် ခမ်းနားသိုက်မြိုက်စွာကျင်းပမည့် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးယှဉ်ပြိုင်စဉ်ကာလတစ်လျောက် နေထိုင်စားသောက်မှု၊ လှုပ်ရှားသွားလာမှု၊ ပြောဆို ဆက်ဆံမှု၊ ဝတ်စားဆင်ယင်မှုစသည့်အားလုံးသည် အမျိုးသားရေး စရိုက်လက္ခဏာနှင့် ကိုက်ညီသည့် ပြုမှု ဆောင်ရွက်မှုများဖြစ်ရန်သာမက ပဲခူးတိုင်းဒေသကြီး၏ ဂုဏ်ကိုထိန်းသိမ်းမြှင့်တင်ရန်အတွက်လည်း တာဝန်ရှိသည့်အတွက် အားလုံးစည်းလုံးညီညွတ်စွာဖြင့် ကူညီစောင့်ရှောက်ကြဖို့ မှာကြားလိုကြောင်း၊ ပြိုင်ပွဲဝင်အားလုံးအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြပါ၊ အချင်းချင်း ရိုင်းပင်းကူညီရင်း ပဲခူးတိုင်းဒေသကြီးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း အားသွန်ကြိုးပမ်းယှဉ်ပြိုင်ကြစေလို ကြောင်းနှင့် အစဉ်အလာကြီးမားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၏ဂုဏ်ကို အကောင်းဆုံးယှဉ်ပြိုင်မှုဖြင့် အောင်မြင်မှုများ ဆွတ်ခူးသွားနိုင်စေကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် က ပြိုင်ပွဲဝင်အုပ်ချုပ်သူတစ်ဦးအား အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။

          ယင်းနောက် အခြေခံပညာအဆင့်(၁၅-၂၀)ပြိုင်ပွဲဝင် အိုးစည်အဖွဲ့မှ အတီးဘာသာရပ်ဖြင့် လည်းကောင်း၊ အဆိုအခြေခံအဆင့်မြင့်ပြိုင်ပွဲဝင်များနှင့် စန္ဒယားဘာသာရပ်ပြိုင်ပွဲဝင်များက “လက်ရည် တစ်ပြင်တည်း”သီးချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်ဒုတိယတန်း အမျိုးသမီးဆိုင်းအဖွဲ့မှ အတီးဘာသာ ရပ်ဖြင့်လည်းကောင်း၊ ဒုံမင်းဘာသာရပ် အဆင့်မြင့်ပြိုင်ပွဲဝင်များနှင့် တယောဘာသာရပ်ပြိုင်ပွဲဝင်များက “မဟာဇနကသီချင်း”ဖြင့်လည်းကောင်း၊ အခြေခံပညာ(၁၀-၁၅)အဆင့် ကဗျာလွတ်အဖွဲ့မှ အကဖြင့်လည်း ကောင်း၊ အဆိုပြိုင်ပွဲဝင်များက “ငြိမ်းချမ်းရေးပန်းခင်း” သီချင်းဖြင့်လည်းကောင်း အသီးသီး ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

          ထို့နောက် ပဲခူးတိုင်းဒေဿကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဥပဒေချုပ် ဦးခင်မောင်တင့်က ဗဟိုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်များနှင့် နည်းပြ များနှင့် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပြိုင်ပွဲဝင်များ နေပြည်တော်သို့ မော်တော်ယာယဉ်များဖြင့် ထွက်ခွာနေမှုအား ဂုဏ်ပြုလက်ပြနှုတ်ဆက်ခဲ့ကြသည်။

          (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ဘာသာရပ်(၁၁၃)ခု၊ ပြိုင်ပွဲဝင်အမျိုးသား(၁၂၆)ဦး၊ အမျိုးသမီး(၉၅)ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင်(၂၂၁)ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။