Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ချီးမြှင့်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ချီးမြှင့်

ပဲခူး မေ ၂၃

ပဲခူးတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား မေလ(၂၃)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

            ရှေးဦးစွာ ပဲခူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့အနောက်-ခ)မှ ကျောင်းသား၊ကျောင်းသူ များက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် လိုအပ်သည့် လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများအပြင် ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်မှာသာ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အနှောက်အယှက် အဟန့် အတားများကို ကျော်ဖြတ်နိုင်ပြီး အောင်မြင်မှုများရရှိလာနိုင်မှာဖြစ်ကြောင်း၊ ကလေးငယ်များ၏ ဘဝရှေ့ရေး ရပ်တည်မှုအတွက် ပညာသင်ကြားရေးသည် အလွန်အရေးကြီးသဖြင့် ကျောင်းနေရွယ်ကလေးအားလုံး ကျောင်း အပ်နှံနိုင်ရေး အခွင့်အလမ်းကောင်းများကို နိုင်ငံတော်အစိုးရမှ ဖန်တီးဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပညာသင်ကြားခြင်းသည် အနာဂတ်နိုင်ငံတော်တည်ဆောက်ရာတွင် အလွန်အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်များ ပေါများလာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပင်ဖြစ်ပြီး KG+9 အလယ်တန်း ပညာရေးမှတစ်ဆင့် အသက်မွေးပညာကျောင်းများသို့ ဆက်လက်သင်ကြားနိုင်မည်ဖြစ်ကာ သတ်မှတ်အရည် အချင်းပြည့်မီပါက အဆင့်မြင့်ပညာရေးများကို တက်ရောက်သင်ကြားနိုင်မှာဖြစ်ကြောင်း၊ တိုင်းပြည်အတွင်း ပညာတတ်များပေါများမှသာ အေးချမ်းတည်ငြိမ်သော လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်မှာဖြစ်၍ အခြေခံအကျဆုံး ဖြစ်သည့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးနှင့် KG+9 ပညာရေးပြီးမြောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သဘောထားကာ အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြစေလို ကြောင်း အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်အစိုးရမှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လူမှုရေးရာ ဝန်ကြီး ဦးမျိုးအောင်တို့က ခရိုင်ပညာရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းနောက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ကျောင်းအပ်စို့” သီချင်းဖြင့် သီဆို ဖျော်ဖြေခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေရေး ကျောင်းသား/သူများအား ဆုငွေများချီးမြှင့်ပေးခဲ့ ကာ ကျောင်းအပ်နှံနေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

      ပဲခူးတိုင်းဒေသကြီးအတွင်း၌ စုစုပေါင်းအခြေခံပညာကျောင်းပေါင်း (၄၉၆၉)ကျောင်းရှိရာ နိုင်ငံတော်မှ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဗလာစာအုပ်(၈၆၉၈၇၄)ဒါဇင်၊ ကျောင်းသုံးပုံနှိပ်စာအုပ်(၆၇၂၃၀၇၉)အုပ်၊ ခဲတံ(၉၈၄၂၁၅)ဒါဇင်၊ ဘောပင်(၅၈၇၆၃)ဒါဇင်၊ ကျောင်းဝတ်စုံ(၆၃၆၉၈၅)စုံတို့အား အခမဲ့ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရသည်။