ပဲခူး ဇူလိုင် ၁၀
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကို ဇူလိုင်လ (၁၀)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသများတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။
ရှေးဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်ဘောလုံးအသင်းများက အသင်းလိုက် မိတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုလို ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ပဲခူးတိုင်းဒေသကြီး အနေနဲ့ အုပ်စု (က) ပွဲစဉ်များအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိသည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မှာရှိ သည့် အားကစားသမားများ၏ မတူကွဲပြားသည့် ကစားပုံ၊ ကစားဟန်နှင့် နည်းစနစ်များကို လေ့လာဖလှယ် ခွင့်ရရှိနိုင်စေခြင်း၊ မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသ မခွဲခြားဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိနိုင်စေခြင်းနှင့် ဒေသအသီးသီးမှ ပြိုင်ပွဲဝင်အားကစား သမားအနေဖြင့် ပဲခူးတိုင်းဒေသကြီး၏ ယဉ်ကျေးမှု ဓလေ့စရိုက်၊ ဒေသန္တရဗဟုသုတများကို လေ့လာခွင့်ရရှိစေခြင်းစသည့် ရင်းနှီးချစ်ကြည်မှုများကို ရရှိစေနိုင်မှာဖြစ်ကြောင်း၊ ဘောလုံးအားကစား နည်းသည် နည်းစနစ်ကို အခြေခံပြီး တစ်ဦးချင်း ကျွမ်းကျင်မှု၊ လျင်မြန်ဖျတ်လတ်မှု၊ တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်စွာ အပေးအယူမျှတမှု၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ပါ ပြည့်ဝဖို့လိုသည့် အားကစားနည်းဖြစ် သည့်အပြင် ပြိုင်ပွဲဝင်များအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်း ဥပဒေနှင့်အညီ လိုက်နာပြီး မိမိတို့၏ ပင်ကိုယ်အရည်အသွေး၊ ဖြတ်ထိုးဉာဏ်အပေါ် လျှပ်တစ်ပြတ်အသုံးချ၍ ယှဉ်ပြိုင်အနိုင်ယူ ကစားရသည့် အမျိုးသားကစားနည်းတစ်ခုဖြစ်၍ မိမိတို့ ကိုယ်စားပြုသည့် တိုင်းဒေသကြီး/ပြည်နယ် အောင်နိုင်ရေးအတွက် ကြိုးစားသွားကြစေလိုကြောင်းနှင့် ပြိုင်ပွဲဝင်ကာလတစ်လျှောက်လုံး စိတ်ချမ်းသာ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အဘက်ဘက်မှ ပြည့်စုံကောင်းမွန်စွာ စောင့်ရှောက်ပေးသွားမှာဖြစ် ကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဘောလုံးအသင်း များသို့ အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး လက်ဖက်ရည်နှင့်မုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ သည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမား များအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြကြောင်းနှင့် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဘောလုံးအသင်း၊ မန္တလေးတိုင်း ဒေသကြီး ဘောလုံးအသင်း၊ ကယားပြည်နယ်ဘောလုံးအသင်းနှင့် ချင်းပြည်နယ်ဘောလုံးအသင်း စသည့်တိုင်းဒေသကြီး နှင့် ပြည်နယ်ကိုယ်စားပြုအသင်း(၄)သင်းပါဝင်ကာ ဇူလိုင်လ(၁၁)ရက်နေ့မှ(၁၈) ရက်နေ့အထိ ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ်ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။