ပဲခူး ဧပြီ ၁၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၅)အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဧပြီလ(၁၀) ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍကြီး(၅)ရပ်ရှိသည့်အနက် လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေး ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး စက်မှုဇုန်ရှိ စက်ရုံ/အလုပ်ရုံများ Solar System သုံးစွဲနိုင်ရေး စည်းရုံး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အငယ်စား၊ အသေးစား၊ အလတ်စား Solar စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံများ တည်ဆောက်ဖြန့်ဖြူးနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ် သလို စိုက်ပျိုးရေးအတွက် ဓါတ်မြေဩဇာစက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ချိတ်ဆက်ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဘက်စုံ၊ ကဏ္ဍစုံ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေးနှင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစေရေး တက်ရောက်လာသည့် ကော်မတီဝင်များက ကြိုးစားဆောင်ရွက်ကြစေလို ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက Tip Power Co., Ltd မှ SKD စနစ်ဖြင့် မော်တော်ဆိုင်ကယ်ထုတ်လုပ်ခြင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်လျှောက်ထားမှုနှင့် သွင်းကုန် ပစ္စည်း CODE ပြင်ဆင်ခြင်းနှင့် သွင်းကုန်ပစ္စည်းတိုးမြှင့်ဆောင်ရွက်မည့် အမှုတွဲများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ဧပြီလ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်ခြင်း ငွေကျပ်(၂၃၄၃)သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း (၈၇)ဦး ဖန်တီးပေးနိုင်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ(၂၀၉.၀၂၂)သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်သန်း(၁၉၇၀၅၄.၂၂၁)သန်း ဝင်ရောက်ခဲ့ပြီး အလုပ် အကိုင် အခွင့်အလမ်း (၁၃၃၂၁)ဦး ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။