Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၂၃)ကြိမ်မြောက် ပဲခူးတို်ငးဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ  ဆုချီးမြှင့် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

(၂၃)ကြိမ်မြောက် ပဲခူးတို်ငးဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ  ဆုချီးမြှင့် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၄

===================

          ပဲခူမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက (၂၃)ကြိမ်မြောက် ပဲခူးတို်ငး ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရ အဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင်စုစုပေါင်း (၁၃၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ထူးချွန်ပြီးအမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများကို ဆက်လက်ထိန်းသိမ်းမည့် မျိုးဆက်သစ်အနုပညာရှင်များ ပေါ်ထွန်းလာသည်ကို မြင်တွေ့ရသည့် အတွက် အားရကျေနပ် ဂုဏ်ယူပါကြောင်း၊ ပြိုင်ပွဲကြီးဖြစ်မြောက်ရေးအတွက် အစ၊ အလယ်၊ အဆုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲတွင် ရွေးချယ်ခံရသူများအနေဖြင့် ပဲခူးတိုင်း ဒေသကြီး၏ဂုဏ်ကို ဖော်ဆောင်ပေးနိုင်ရေးအတွက် စွမ်းရည်၊ ပါရမီများ သာလွန် ကောင်းမွန်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အကောင်းဆုံး လေ့ကျင့်ကြိုးစားပေးကြစေလိုကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့မှလည်း လိုအပ်သည်များ ထပ်မံပံ့ပိုးကူညီပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ပထမ၊ အထူးဆုရရှိသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး အဆင့် တာဝန်ရှိသူများက ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း အသီးသီး ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် ဧည့်သည်တော်များအား ပြိုင်ပွဲဝင် ဆုရသူရှိသူများက အဆို၊ အကများဖြင့်လည်းကောင်း၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် မြန်မာ့နိုင်ငံသဘင်အစည်းအရုံး၊ ဥက္ကဋ္ဌ ဦးစိန်မြအောင် (ဆိုင်းဝိုင်းကြီး)မှ ဂုဏ်ပြုတီးခတ်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုင်အဖွဲ့များ၊ ဆုရရှိသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြ ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ပြိုင်ပွဲအမျိုးအစား(၃၄)မျိုးဖြင့် အဆို၊ အက၊ အရေး၊ အတီး အနုသုခုမ ပြိုင်ပွဲဝင် စုစုပေါင်း(၁၃၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ကဏ္ဍအလိုက် ဆုပေါင်း(၁၁၈)ဆုကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေး ခဲ့ကြောင်း သတင်းရရှိသည်။