Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၂၃)ကြိမ်မြောက် ပဲခူးတို်ငးဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

(၂၃)ကြိမ်မြောက် ပဲခူးတို်ငးဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး စက်တင်ဘာ ၂

===================

          ပဲခူမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက (၂၃)ကြိမ်မြောက် ပဲခူးတို်ငး ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ တိုင်းရင်းသားများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိစေရေးတို့ကို ဦးတည်ရည်မှန်းကာ မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ပြန်လည်ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင် နိုင်သော ပဲခူးတိုင်းဒေသကြီးဂုဏ်ကို ဖော်ဆောင်နိုင်မည့် မျိုးဆက်သစ်ပြိုင်ပွဲဝင်များ ပေါ်ထွက်လာ စေရန်ဖြစ်ကြောင်း၊ ယခုကျင်းပသည့်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုကို ဖော်ပြသည့်ပွဲတော်တစ်ခုဖြစ်ပြီး မျိုးဆက်သစ်များအနေဖြင့် တန်းဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်းနှင့် ပြိုင်ပွဲဝင် မောင်/မယ် များအနေဖြင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိနိုင်ရေး ကြိုတင်ပြင်ဆင် လေ့ကျင့်ကာ ရိုးသားကြိုးစားစွာ ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက (၂၃)ကြိမ်မြောက် ပဲခူးတို်ငးဒေသကြီး မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် ဧည့်သည်တော်များအား ပြိုင်ပွဲဝင်များက ဗိုလ်ရှုသဘင်သီချင်း ဖြင့်လည်းကောင်း၊ မင်းသားအကဖြင့်လည်းကောင်း၊ အိုးစည်အတီးအကဖြင့်လည်းကောင်း ဧည့်ခံဖျော်ဖြေခဲ့ကြရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုငွေများ ပြန်လည်ပေးအပ်ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့တော်ခန်းမ၊ ဗုဒ္ဓအသံဓမ္မဗိမာန်နှင့် သီရိဟံသာခန်းမတို့တွင် အနုသုခုမ ပညာရှင်/ဝါသနာရှင် စုစုပေါင်း(၁၃၉)ဦး၏ အဆို၊ အက၊ အရေး၊ အတီး ယှဉ်ပြိုင်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနသို့ သွားရောက် ကာ ဆေးဘက်ကျွမ်းကျင်-၄(ဓါတ်မှန်/ဆေးစပ်)နှင့် စိစစ်ရေးမှူး-၄(ဆေးမှတ်တမ်း) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားသည်။ ၎င်းနောက် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။ အဆိုပါသင်တန်းအား သင်ကြားရေးဆေးရုံဖြစ်သော ပဲခူး၊တောင်ငူနှင့် ပြည် ဆေးရုံကြီးများတွင် (၆)လကြာ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။