ပဲခူး အောက်တိုဘာ ၂၅
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၂၄)ရက်နေ့၊ နံနက်ပိုင်းက (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ဗဟိုအဆင့် ဆုရရှိခဲ့သူများအား ထပ်ဆင့်ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးမှ ဘာသာရပ်(၁၁၃)ခုတွင် ပြိုင်ပွဲဝင် အမျိုးသား(၁၂၆)ဦး၊ အမျိုး သမီး (၉၅)ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင်(၂၂၁)ဦး ဝင်ရောက်ယဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁၄)ခု၊ ငွေတံဆိပ်(၁၇)ခု၊ ကြေးတံဆိပ်(၂၈)ခု စုစုပေါင်းဆုတံဆိပ်(၅၉)ခုရရှိခဲ့၍ ပြိုင်ပွဲဝင်များ အား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ပြိုင်ပွဲဝင်များသည် မိမိတို့၏ အနုပညာနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်ပိုင်နိုင်သူများ၊ အရည်အချင်းရှိသူ များဖြစ်သော်လည်း အကဲဖြတ်ဒိုင်များ၏ အမှတ်ပေးစံနှုန်းများနှင့် ညီညွတ်အောင် ယှဉ်ပြိုင်ကြိုးပမ်းဆောင် ရွက်နိုင်မှသာ ပထမရွှေတံဆိပ်ဆုတွေ ရရှိနိုင်မှာကို သတိပြုရမှာဖြစ်ကြောင်း၊ နောင်နှစ်တွင် ပြန်လည်ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ရွှေတံဆိပ်ဆုများ ပိုမိုရရှိနိုင်ရေးနှင့် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင်သူ များဖြစ်အောင် ဆက်လက်ကြိုးပမ်း လေ့ကျင့်ယှဉ်ပြိုင်သွားစေလိုကြောင်း၊ယခုပြိုင်ပွဲကြီးတွင် ကာယအား၊ ဉာဏအားဖြင့် ပါဝင်ဆောင်ရွက်ပေးခဲ့သည့် အနုပညာရှင် ကြီးများ၊ အနုပညာကို ချစ်မြတ်နိုးတန်ဖိုးထား သူများ၊ ဝါသနာကိုအရင်းတည်၍ လက်ဆင့်ကမ်းထိန်းသိမ်း လျက်ရှိသည့် ပြိုင်ပွဲဝင်များ၊ စနစ်တကျ သင်ကြားပေးခဲ့သည့် နည်းပြများ၊ လိုက်ပါဆောင်ရွက်ခဲ့သည့် အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများအားလုံး ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ဗဟိုအဆင့် ပထမရွှေတံဆိပ်ဆု ရရှိသူ (၁၄)ဦးအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများအား ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ဒုတိယငွေတံဆိပ်ဆု ရရှိသူ(၁၇)ဦး အား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက တတိယ ကြေးတံဆိပ်ဆုရရှိသူ(၂၈)ဦးအတွက် ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက (၂၅)ကြိမ်မြောက်ငွေရတု အထိမ်း အမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ဗဟိုအဆင့် ရွှေ၊ ငွေ၊ ကြေး ဆု တံဆိပ်ရရှိသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပြီး နည်းပြဆရာများနှင့် ဆုရရှိသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။