Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူး စက်တင်ဘာ ၂

                   ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၂)ရက်နေ့၊ မွန်းလွဲပိုင်းက (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

         ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်တို့က (၂၅)ကြိမ် မြောက် ငွေရတုအထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးခြင်းဖြင့် မြန်မာရိုးရာယဉ်ကျေးမှုအနုပညာကို တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်နိုင်မည့် ရွက်ပုန်းသီးအနုပညာရှင်များစွာ စဉ်ဆက်မပြတ် ပေါ်ထွက်လာမှာဖြစ်ပြီး မြန်မာ့ ရိုးရာယဉ်ကျေးမှု အနုပညာများလည်း အစဉ်အမြဲ တိုးတက်ရှင်သန်ဖွံ့ဖြိုးနေမှာဖြစ်ကြောင်း၊ ရိုးရာ ယဉ်ကျေးမှု အနုပညာကို ထိန်းသိမ်းစောင်ရှောက်မြှင့်တင်ပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်များ၏ နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်များ မြင့်မားတိုးတက်လာပြီး တိုင်းရင်းသားပြည်သူများ အချင်းချင်း ချစ်ခင် ရင်းနှီးမှုမှသည် ပြည်ထောင်စုစိတ်ဓါတ်များ ခိုင်မာလာမှာဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်များအနေဖြင့် နိုင်ငံတော်အဆင့်တွင် အောင်မြင်မှုများရရှိနိုင်ရေး မျှော်မှန်း၍ အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွားကြစေ လိုကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များအား ညောင်လေးပင်ခရိုင်မှ ဝါသနာရှင်(ဒုတိယတန်းအဆင့်) အဆို (မဟာဂီတ)ပြိုင်ပွဲဝင် မခင်ရတနာစိုးက “ကြိုနေမယ့်နေ့ သီချင်းဖြင့်လည်းကောင်း၊ ပြည်ခရိုင်မှ အခြေခံပညာအဆင့်(၁၅-၂၀)အကပြိုင်ပွဲဝင် မရွှန်းလဲ့လဝန်းထွန်းက “ပန်းရည်ဘဏ်တိုက် သီချင်းဖြင့်လည်းကောင်း၊ ပဲခူးခရိုင်မှ အဆင့်မြင့်ပညာ ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲဝင် မမိုးပြည့်ပြည့်နိုင်က ဆိုင်းတီးခတ်၍ ပဲခူးခရိုင်မှ ဝါသနာရှင် (ပထမတန်းအဆင့်) အဆို (မဟာဂီတ) ပြိုင်ပွဲဝင် ဦးမင်းဟန်က “ကျေးရွာဝါဒ သီချင်းဖြင့်လည်းကောင်း အသီးသီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဧည့်ခံ ဖျော်ဖြေခဲ့သည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ဒိုင်အဖွဲ့များ၊ နည်းပြများ၊ ပြိုင်ပွဲဝင် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။

          ထို့နောက် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အဆိုဘာသာရပ် အမျိုးအစား(၃)ခု၊ အကဘာသာရပ် အမျိုးအစား (၄)ခု၊ အရေးဘာသာရပ် အမျိုးအစား(၂)ခုနှင့် အတီးဘာသာရပ် အမျိုးအစား(၁၃)မျိုးတို့အား ပြိုင်ပွဲဝင် ဦးရေ(၂၆၃)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။