Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၊ ဘုရင့်နောင်ရုပ်ထုနှင့် ရင်ပြင်ပန်းခြံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၊ ဘုရင့်နောင်ရုပ်ထုနှင့် ရင်ပြင်ပန်းခြံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၂

============

           (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာလ(၁၂) ရက်နေ့ ညနေပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ပဲခူးတက္ကသိုလ်အနီး၊ ရန်ကုန်-မန္တလေးလမ်းနှင့် ပဲခူးမြို့ရှောင်လမ်းအကြားတွင် ဘုရင့်နောင်ရုပ်ထုနှင့် ရင်ပြင်ပန်းခြံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်အနက်မှ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဟူသော ဦးတည်ချက်နှင့်အညီ ယနေ့ခေတ်လူငယ်များ ဇာတိသွေး ဇာတိမာန်တက်ကြွစေရန်နှင့် အမိနိုင်ငံတော်အား ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ (၁၆)ရာစု အရှေ့တောင်အာရှသမိုင်းတွင် ကျော်ကြားသော ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး ဟံသာဝတီ(ပဲခူး)တွင် ကမ္ဘောဇသာဒီနန်းတော်၌ နန်းစိုက်ခဲ့သော ဘုရင်ဧကရာဇ် တစ်ဦးဖြစ်သူ ဘုရင့်နောင်ကျော်ထင်အနော်ရထာ (ဘုရင့်နောင်မင်းတရားကြီး)၏ ရုပ်တုအား ထုလုပ်ထားရှိ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဟံသာဝတီ(ပဲခူး)သည် ဘုရင့်မင်းတရားကြီး နန်းစိုက်ခဲ့သော နန်းစံရာ နေပြည်တော်ဖြစ်သောကြောင့် ပဲခူးမြို့နေပြည်သူများ ဂုဏ်ယူဝင့်ကြွားစေရန်နှင့် မိမိတို့မြို့အား စဉ်ဆက် မပြတ် ဖွံဖြိုးတိုးတက်လှပအောင် စောင့်ရှောက်ထိန်းသိမ်းကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

          ထို့နောက် ဘုရင့်နောင်ရုပ်ထုနှင့် ရင်ပြင်ပန်းခြံအား ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ လူမှုရေးရာဝန်ကြီးဦးအောင်မင်းနှင့် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ဒုတိယ တပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကဗျည်းမော်ကွန်းအား အမွှေး နံ့သာများ ပက်ဖြန်းပေးကြကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖွင့်ပွဲသို့တက်ရောက်လာသည့် တိုင်းရင်းသား ရိုးရာအကအဖွဲ့များ၊ ဘင်ခရာအဖွဲ့များနှင့် သူနာပြုသင်တန်းသားများအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ပြီး ဘုရင့်နောင်ရုပ်တုနှင့် ရင်ပြင်ပန်းခြံအား လှည့်လည်ကြည့်ရှု့ခဲ့ကြသည်။ ညပိုင်း၌ ဘုရင်နောင်ရုပ်တုရင်ပြင် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မီးပုံပျံများလွတ်တင်ခြင်း၊ တေးဂီတဖျော်ဖြေခြင်းများအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

         အဆိုပါ ဘုရင့်နောင်ရုပ်တုနှင့်ရင်ပြင်ပန်းခြံအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်သူများ စိတ်လက်အပန်းဖြေစေရေး Public Area များ ဖော်ထုတ်ဆောင်ရွက် သွားရန် လမ်းညွှန်ချက်အတိုင်း ပဲခူးတက္ကသိုလ်အနီး၊ ရန်ကုန်-မန္တလေးလမ်းနှင့် အနောက်ဘက် မြို့ရှောင်လမ်းအကြား (Public Area) တြိဂံကျွန်းမြေနေရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုအပေါ် စည်ပင်သာယာရေးအဖွဲ့တို့မှ အနီးကပ်ကြီးကြပ်၍ ထက်မြက်သစ္စာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။