Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို မိုးညိုမြို့နယ်၊ အိုးဘိုအုပ်စု၊ ဘုရားဖြူချောင်း ကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို မိုးညိုမြို့နယ်၊ အိုးဘိုအုပ်စု၊ ဘုရားဖြူချောင်း ကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

မိုးညို ဇန်နဝါရီ ၁၅

===================

            (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုအုပ်စု၊ ဘုရားဖြူချောင်းကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီလ(၁၅)ရက်နေ့ နံနက်ပိုင်း အချိန်က ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

              ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံအတွင်းရှိ လူဦးရေ၏(၇၀)ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူ များဖြစ်ပြီး မြို့ပြနှင့်ကျေးလက် လူနေမှုဘဝ ကွာခြားမှုမရှိစေရေး ကျေးလက်လမ်း/တံတားနှင့် အခြေခံအဆောက်အဦများကို ဆောင် ရွက်ပေး လျက်ရှိကြောင်း၊ ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ မြင့်မားလာမှာဖြစ်သလို ဒေသဆိုင်ရာရင်းနှီး မြှုပ်နှံမှုတွေလည်း ဝင်ရောက်လာမှာဖြစ်ပြီး ဒေသတွင်းမှာရှိတဲ့ ထွက်ကုန်သီးနှံကုန်ပစ္စည်းများ အချိန်တိုအတွင်း ရောင်းဝယ်ဖောက်ကားနိုင်မှာဖြစ်လို့ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်းနှင့် တံတားရေရှည်တည်တံ့ခိုင်မြဲစေရေး ဒေသခံပြည်သူများမှ ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

             ထို့နောက် ဒေသခံပြည်သူတစ်ဦးမှ မိုးညိုမြို့နယ်၊ အိုးဘိုအုပ်စု၊ ဘုရားဖြူ ချောင်းကူး ကွန်ကရစ်တံတား တည်ဆောက်ပေးမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တံတားဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းအား ပဲခူးတိုင်းဒေသကြီး ကျေးလက် လမ်းဦးဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်လူမှ ဝန်ကြီးချုပ်ထံသို့လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရပ်မိ/ရပ်ဖတစ်ဦးထံ အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ် ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးခင်မောင်သန်းတို့က မိုးညိုမြို့နယ်၊ အိုးဘိုအုပ်စု၊ ဘုရားဖြူ ချောင်းကူး ကွန်ကရစ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ခဲ့ကာ တံတားပေါ်ဖြတ်သန်းကြည့်ရှုခဲ့ကြ‌ပြီးနောက် ဖျော်ဖြေရေးအဖွဲ့အတွက်ကျပ်(၃)သိန်း၊ အိုးဘိုကျွန်း ကျေးရွာ ကျေးလက်ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်(၂)သိန်း ပေးအပ်ခဲ့ပြီး ဒီပါဧ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကန့်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

            မိုးညိုမြို့နယ်၊ အိုးဘိုအုပ်စု၊ ဘုရားဖြူ ချောင်းကူး ကွန်ကရစ်တံတားသည် အရှည်ပေ(၂၈၀)၊ အကျယ်(၂၀)ပေ သံကူကွန်ကရစ်တံတားဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၆၆၅) သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်လမ်းအရှည် စုစုပေါင်း(၄၀၂) မိုင်(၁)ဖာလုံ၊ တံတားစုစုပေါင်း (၁၇၄)စင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေး နှစ်(အောက်တိုဘာလမှမတ်လအထိ) လမ်းအရှည် စုစုပေါင်း (၇၈)မိုင် (၄)ဖာလုံ၊ တံတားစုစုပေါင်း (၆၄)စင်းတို့အား ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် လမ်းအရှည် စုစုပေါင်း(၁၉၁)မိုင်(၃)ဖာလုံနှင့် တံတားစုစုပေါင်း (၇၈)စင်းအား တည်ဆောက်ပေးသွားရန် လျာထား လျက်ရှိကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညိုမြို့နယ်၊ မယင်းငယ်ရွာ၊ တောင်သူ ဦးစိုးသန့်ခိုင်မှ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထောက်ပံ့မှုဖြင့် သီးထွက်သီးနှံ နေကြာသီးညှပ် စိုက်ပျိုးအောင်မြင်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် တာဝန်ရှိသည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှ မြို့နယ်၊ ပန်းဇံမြောင်း၊ မုက္ခာချောင်းဟောင်းနှင့် ချောင်းသစ်ထိပ်တွင် ရေတံခါးများတပ်ဆင်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ရေတံခါးတပ်ဆင်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံပြည်သူများအတွက် ဟင်းသီးဟင်းရွက်စိုက်ပျိုးသီးနှံခင်းများအတွက် စိုက်ပျိုးရေအား ကိုယ်ထူကိုယ်ထ အင်ဂျင်ရေတင်စနစ်ဖြင့် ဆောင်ရွက်နေရသဖြင့် ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနိုင်ရေး အသိပညာပေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။