Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့တွင် အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့တွင် အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁

=========

      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

             ရှေးဦးစွာ မီနီမာရသွန်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသား/ အမျိုးသမီးအဖွဲ့အား သတ်မှတ် နေရာအသီးသီးတို့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ခရာမှုတ်၍ တာလွှတ်ပေးခဲ့သည်။

         မီနီမာရသွန်ပွဲသို့ ပါဝင်ယှဉ်ပြိုင်သူများအား လမ်းဘေးဝဲ/ယာမှ ဒေသခံပြည်သူများ၊ ကျောင်းသား/ သူများက သောင်းသောင်းဖျဖျ အားပေးခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပန်းဝင်မည့် ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းရှေ့မှနေ၍ ကြိုဆိုအားပေးခဲ့ကြသည်။

      ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသား/အမျိုးသမီး အထူးဆုရရှိသူ(၁၄) ဦး၊ နှစ်သိမ့်ဆုရရှိသူ(၂၀)ဦး၊ တတိယဆုရရှိသူ(၂)ဦးနှင့် ဒုတိယဆုရရှိသူ(၂)ဦးတို့အား အစိုးရအဖွဲ့တာဝန်ရှိသူ များမှ ဆုတံဆိပ်များနှင့် ချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးမှ အသက်အကြီးဆုံးနှင့် အသက်အငယ်ဆုံး ပြိုင်ပွဲဝင်များအားလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ အမျိုးသမီးပထမဆုရရှိသူအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ အမျိုးသားပထမဆု ရရှိသူအားလည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ထိုက်တန်စွာပေးအပ်ချီးမြှင့်ကြသည်။

        ဆက်လက်၍ မီနီမာရသွန်ပြိုင်ပွဲတွင် ပန်းဝင်လာသူအားလုံးအား လိုင်စင်ပါဆိုင်ကယ်(၂)စီးနှင့် စက်ဘီး (၂၀)စီးတို့အား ကံစမ်းမဲဖောက်ပေးရာ မဲပေါက်သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ ထပ်မံ၍အသီးသီးပေးအပ်ချီးမြှင့် ပေးခဲ့ကြကြောင်း သိရှိရသည်။

          အဆိုပါ မီနီမာရသွန်ပြိုင်ပွဲတွင် အမျိုးသား(၂၅၅)ဦး၊ အမျိုးသမီး(၂၂၅)ဦး၊ စုစုပေါင်း(၄၈၀)ဦးပါဝင် ယှဉ်ပြိုင်ကြပြီး အမျိုးသားအဖွဲ့အား ပဲခူးမြို့အဝင်တိုးဂိတ်မှ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းရှေ့ အထိလည်းကောင်း၊ အမျိုးသမီးအဖွဲ့အား ပဲခူးတက္ကသိုလ်အနီး ဘုရင့်နောင်ရုပ်တုရှေ့မှ ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်းရှေ့အထိလည်းကောင်း ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

      ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏အစီအစဉ်ဖြင့် ဘုရားဈေးနှင့် ပဲခူးအထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှေ့တို့တွင် အများပြည်သူ များ သက်သာသောဈေးနှုန်းဖြင့် စားသုံးနိုင်ရန် ထမင်းနှင့်ဟင်းများရောင်းချပေးနေမှုနှင့် တပ်မတော်သား များမှ ဟင်းသီးဟင်းရွက်၊ သား၊ငါး၊ကြက်ဥ၊ဘဲဥများရောင်းချပေးနေမှုအား သွားရောက် ကြည့်ရှု့အားပေး ခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။