Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့တွင် အမျိုးသား၊အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကျင်းပပြုလုပ်

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့တွင် အမျိုးသား၊အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၃၀

===========

 (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသား၊အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ဒီဇင်ဘာလ(၃၀) ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည်။

       ရှေးဦးစွာ အမျိုးသား၊အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတ ရေးရာဝန်ကြီး ဦးတင်သိန်းက သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ပြီး အမျိုးသားမီနီမာရသွန်ပြိုင်အား ပဲခူးမြို့အဝင်တိုးဂိတ်မှ လည်းကောင်း၊ အမျိုးသမီးမီနီမာရသွန်ပြိုင်ပွဲအား ပဲခူးမြို့ရှောင်လမ်းဆုံ၊ ဘုရင့်နောင်ရုပ်တုမှ ဟံသာဝတီဘောလုံးကွင်းအထိလည်းကောင်း အမျိုးသား (၆၁၇)ဦး၊ အမျိုးသမီး(၃၉၃)ဦး၊ စုစုပေါင်း (၁၁၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

          ထို့နောက် ပြိုင်ပွဲဝင် အပြေးသမား မောင်/မယ်များအား အပြေးလမ်းကြောင်းတစ်လျှောက် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ပြည်သူများက လက်ခုပ်တီး၍ သောင်းသောင်းဖျဖျ အားပေးခဲ့ကြပြီး ပန်းဝင်နေရာ၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ပန်းကုံးစွပ်၍ ကြိုဆိုခဲ့ကြသည်။

       ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းနားအား ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်(ကျား၊မ)အသက်အငယ်ဆုံးဆု၊ အသက်အကြီးဆုံးဆုနှင့် ပန်းဝင်သူ အမှတ်စဉ်(၄)မှ(၂၀)အထိ (ကျား/မ)(၃၄)ဦးတို့အား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး တတိယရရှိသူ(အမျိုးသား၊အမျိုးသမီး)တို့အား တစ်ဦးလျှင် ဆုငွေကျပ်(၅)သိန်းစီ၊ ဒုတိယရရှိသူ(အမျိုးသား၊ အမျိုးသမီး)တို့အား တစ်ဦးလျှင် ဆုငွေကျပ်(၇)သိန်းစီနှင့်၊ ပထမရရှိသူ (အမျိုးသား၊အမျိုးသမီး)တို့အား တစ်ဦးလျှင် ဆုငွေကျပ်(၁၀)သိန်းစီတို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက် တို့က ဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

       ယင်းနောက် ပါဝင်ယှဉ်ပြိုင်သူအပြေးသမား မောင်/မယ်များအား လျှပ်စစ်မော်တော်ဆိုင်ကယ်(၂)စီး၊ စက်ဘီးအစီး(၂၀)နှင့် လူသုံးကုန်ပစ္စည်း(၁၄၇)မျိုး စုစုပေါင်းကျပ်(၁၀၈)သိန်း တန်ဖိုးရှိ ပစ္စည်းများအား ပျော်ရွှင်စွာ ကံစမ်းမဲများဖောက်ပေးခဲ့ပြီး ကံစမ်းမဲပေါက်သူများကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

        (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးပြီး ပဲခူးမြို့၌ မီနီမာရသွန်ပြိုင်ပွဲအပါအဝင် တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကတ်ဘောစသည့် အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့ပြီး ထိုက်တန်စွာ ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။