Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၌ သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၌ သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၀

          ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားဝန်းအတွင်း၌ ဖေဖော်ဝါရီလ(၁၀) ရက်နေ့၊ နံနက်ပိုင်းက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် မြို့မိမြို့ဖ ဦးဝင်းတို့က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ဂုဏ်ပြုဘင်ခရာတီးဝိုင်းနှင့် ဂုဏ်ပြု ပန်းပွားအက အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင် (၆)ခုတို့မှ ဒေသထွက် သစ်သီးဝလံပန်းမန် ပြိုင်ပွဲဝင် သစ်သီးဝလံပန်းမန်များ ခင်းကျင်းပြသထားရှိမှု၊ ဌာနဆိုင်ရာ အသိပညာပေးပြခန်းနှင့် ဒေသထွက်ကုန်အရောင်းပြခန်း စုစုပေါင်း(၄၅)ခန်းတို့အား ဆိုင်ခန်းတစ်ခုချင်း အလိုက် လှည့်လည်ကြည်ရှု အားပေးခဲ့ပြီး ဒေသထွက်ကုန်များအား နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး၊ FDA ထောက်ခံချက် ရရှိနိုင်ရေးနှင့် ပြည်တွင်း/ပြည်ပ ဈေးကွက်ခိုင်မာမှုရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါ ပြခန်းများတွင် ဒေသထွက် ဝါး၊ သစ်သား လက်မှုပစ္စည်းများ၊ သံရည်ကြိုပုံသွင်း လောင်းထားသည့် သံထည်ပစ္စည်းများ၊ တန်ဖိုးမြှင့် ရေရှည်စားသောက်ကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး တောင်သူလယ်သမားများအတွက် တန်ဖိုးသင့် လက်ဆွဲကောက်စိုက်စက်များ၊ ဘက်စုံသုံး စိုက်ပျိုးရေးကိရိယာ စုစုပေါင်း ဒေသထွက်ကုန် အမျိုးပေါင်း(၅၀၀)ကျော် ထည့်သွင်းပြသထားရာ လာရောက်လေ့လာသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။