Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၊သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တသုဇနမဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်အား စံကျောင်းတော်သို့ပင့်ဆောင်ခြင်းနှင့် ထီးဖြူဖွင့်အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ကြည်ညို

ပဲခူးမြို့၊သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တသုဇနမဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်အား စံကျောင်းတော်သို့ပင့်ဆောင်ခြင်းနှင့် ထီးဖြူဖွင့်အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ကြည်ညို

ပဲခူး ဇန်နဝါရီလ ၁၄
=========

ပဲခူး​မြို့၊ သာသနာ့ဇောတိကစာသင်တိုက်ကြီး၌ ဇန်နဝါရီလ(၁၄) ရက်နေ့၊ မွမ်းလွှဲပိုင်းက ဘဝနတ်ထံပျံလွန်တော်မူသွားသည့် သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တသုဇနမဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်အား စံကျောင်းတော်သို့ပင့်ဆောင်ခြင်းနှင့် ထီးဖြူဖွင့်အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး​ဆွေဝင်း တက်ရောက်ဖူးမြှော်ကြည်ညိုခဲ့သည်
ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက သ​​ဗ္ဗေသင်္ခါရာ အနိစ္စာတိ အစရှိသောသံဝေဂသုံးဂါထာကိုရွတ်ဆိုပွားများ၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ အဖွဲ့ဝင် ပဲခူးမြို့၊ဥဿာသီရိစာသင်တိုက် ဦးစီးမဟာနာယက အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တသူရိယ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မိတ္ထိလာမြို့၊ ညောင်လွန်ဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရက ပစ္ဆိမဝန္ဒနာဂါထာတော်ဖြင့်လည်းကောင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် ဘဒ္ဒန္တသုန္ဒရက အပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် ပစ္ဆိမဝန္ဒနာဂါထာတော်ဖြင့် ပူဇော်ကာ ပဲခူးမြို့၊ ဦးဝင်းကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တဝံသပါလက ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား စံကျောင်းတော်သို့ပင့်ဆောင်ရန် ကြွရောက်တော်မူမည့်အကြောင်း အဘိယာစနနိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားသည်။
ယင်းနောက် သံဃာတော်များ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပည့်ဒါယကာ၊ဒါယိကာမများက ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား စံကျောင်းတော်သို့ ပင့်ဆောင်ကြပြီး ပဲခူးမြို့၊သာသနာ့ဇောတိကကျောင်းတိုက်မှ စာချဆရာတော်ဘဒ္ဒန္တနန္ဒိယက သေတစ္ဆတ္တဝိဝရဏဂါထာကိုဖတ်ကြား၍ ထီးဖြူတော်များဖွင့်လှစ်ပူဇော်ရန်ပန်ကြားကာ နတ်မင်းကြီးလေးပါးတို့က ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ထီးဖြူတော်လေးစင်းဖွင့်လှစ်ပူဇော်ပြီး အနိစ္စာဝတ သင်္ခါရာ အစချီသော သံဝေဂသုံးဂါထာကိုရွတ်ဆိုပွားများကာ အခမ်းအနား ကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။