Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့တွင် ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၂၇

———————————–

     ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ၁၃၈၂ ခု၊ တပေါင်းလပြည့်၊ မတ်လ (၂၇)ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးပြီး တိုင်းဒေသကြီးအတွင်းမှ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် ဆရာတော်များနှင့် သီလရှင်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပေး အပ်ခြင်း အခမ်းအနားကို ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။

       ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော်များ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီး သံဃနာယအဖွဲ့ ဆရာတော်ကြီးများ၊ ဘွဲ့ရဆရာတော်များနှင့် သီလရှင်များ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အမှတ် (၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ထူးမခြားနား သီချင်းခံသုံးပိုဒ်အား ပူဇော်ကာ တိုင်းဒေသကြီးသာသနာရေးမှူး ဦးဌေးလှိုင်က အခမ်းအနားဖွင့် စာတမ်းအား ဖတ်ကြားလျှောက်ထားသည်။

       ထို့နောက် ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဌ၊ ပဲခူးမြို့ ကျီးတောင်တောရကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာသာမိထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ကြို့ပင်ကောက်မြို့ တိုက်ကျောင်း ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တစိန္တိတက သမ္မောဒနီယဩဝါဒကထာ မြွက်ကြားချီးမြှင့် တော်မူသည်။

     ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိသည့် ဆရာတော်များ နှင့်သီလရှင်များအား ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးအပ်ကာ ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ပဲခူးမြို့ နန်းဦးစာသင်တိုက်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိ ဘဒ္ဒန္တသောဘိတထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

      ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရာတွင် ပဲခူးတိုင်း ဒေသကြီးအတွင်းမှ အဘိဓဇမဟာရဌဂုရုဘွဲ့(၁)ပါး၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့(၂)ပါး၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့(၈)ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့(၁၁)ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့(၂၂)ပါး၊ ဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့(၁)ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့(၃)ပါး၊ အဂ္ဂမဟာသဒ္ဓမ ္မဇောတိကဓဇဘွဲ့(၇)ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့(၅)ပါး၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့(၆)ပါး၊ အဂ္ဂမဟာကမ္မဌာနာစရိယဘွဲ့(၃)ပါး၊ မဟာကမ္မဌာနာစရိယဘွဲ့(၁)ပါး၊ ကမ္မဌာနာစရိယဘွဲ့(၂)ပါး၊ သီဟသုဓမ္မသိင်္ဂီဘွဲ့(၁)ဦး၊ သုဓမ္မမဏီဇောတဓရဘွဲ့(၁)ဦး၊ သုဓမ္မသိင်္ဂီဘွဲ့(၁)ဦး၊ စုစုပေါင်းဆရာတော် (၆၈)ပါး၊ သီလရှင်(၄)ပါး၊ လူပုဂ္ဂိုလ်(၃) ဦး ရရှိကြကြောင်း သတင်းရရှိသည်။