ပဲခူး ဒီဇင်ဘာ ၁၅ ရက်
=============
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့် အတူ ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့် အောင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပဲခူးမြို့နယ်အတွင်းရှိ မြို့နယ်/ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံ ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများနှင့် ရပ်ရွာအေးချမ်းသာယာလုံခြုံမှု ရှိစေရေး လုပ်ဆောင်ပေးရာတွင် သက်ဆိုင်ရာဌာနများနှင့်အတူ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ကူညီပံ့ပိုးပေးမှုကြောင့် အောင်မြင်မှုများရရှိခဲ့မှုအပေါ် ကျေးဇူးတင်ပါကြောင်း၊ စီမံ အုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် မိမိတို့မြို့ ရပ်ကွက်/ ကျေးရွာများ၏ လုံခြုံမှုရရှိရေးအတွက် အထူးဂရုစိုက်ရန်နှင့် လုံခြုံရေးအမြင်ရှိရန်လိုအပ်ပြီး သတင်းလက်ဦးမှုအမြဲရရှိနေရန်လိုအပ်ကြောင်း၊ ပဲခူးမြို့နယ်အတွင်း ရပ်ကွက်(၄၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၆)အုပ်စု၊ ပေါင်း(၁၀၆)အုပ်စုရှိရာ စီမံအုပ်ချုပ်ရေးအဖွဲ့များမှ အများနှင့် သက်ဆိုင်ပြီး လိုအပ်လျှက်ရှိသည့်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ပွင့်လင်းမြင်သာစွာ တင်ပြပေးရန်လိုအပ်ကြောင်း၊ နိုင်ငံသားတိုင်းမှတ်ပုံတင် ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် လုပ်ဆောင်ပေးရာတွင် ပဲခူးမြို့နယ်အနေဖြင့် လျာထားချက် ကျော်လွန်ပြီးဖြစ်ကြောင်း၊ မိမိတို့အစိုးရ အဖွဲ့တာဝန်ယူစဉ်အတွင်း ပဲခူးမြို့ကြီးအား တိုင်းမြို့တော် အင်္ဂါရပ်များနှင့်အညီ ဖြစ်စေရေး ကြိုးစားဆောင်ရွက်လုပ်ဆောင်ပေး လျှက်ရှိကြောင်း စီမံအုပ်ချုပ်ရေး အဖွဲ့အဆင့်ဆင့်အနေဖြင့် ဆက်လက်ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်လည်း အထူးမေတ္တာရပ်ခံ လိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက မိမိတို့ဒေသလိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုး၊ မွေးမြူးရေး စသည့်ကဏ္ဍများကို တင်ပြကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပဲခူးခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှမျိုးရွှေ၊ စီးပွားရေးရာဝန်ကြီးဦးတင်ဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးဦးအေးမောင်ကြည်၊ ပဲခူးခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်းရေးအဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု(၁၀၆)အုပ်စုမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။
Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့်အောင် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ပဲခူးမြို့နယ်/ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်တွေ့ဆုံ