ပြည် ဩဂုတ် ၂၇
===============
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၂၆)ရက်နေ့၊ နံနက် ပိုင်းက ပြည်မြို့၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ဆေးရုံပြ လူနာများအား နှုတ်ဆက်အားပေးခဲ့ကာ ထမင်းဗူးများ ဝေငှပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဆေးဝါးများ ပြတ်တောက်မှုမရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး လာရောက်ဆေးကုသပေးသည့် အထူးကုဆရာဝန်ကြီးများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကာ ဆေးဖိုးထောက်ပံ့ငွေကျပ်သိန်း(၅၀) ပေးအပ်ခဲ့သည်။
ပြည်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်(၈၀၀)ဦးကျော်အား ဦးနှောက်နှင့် အာရုံကြောရောဂါ၊ သွေးနှင့်ပတ်သက်သည့်ရောဂါ၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ ရင်ခေါင်းနှင့် ပတ်သက်သည့်ရောဂါ၊ အစာအိမ်အူလမ်းကြောင်းရောဂါ၊ အရိုးအဆစ်ရောဂါ၊ မျက်စိ/နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ ဆီးနှင့်ကျောက်ကပ်ရောဂါများအား စစ်ဆေးကုပေးလျက်ရှိပြီး ဆေးဝါး(၁)ပတ်စာ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ အောင်ဆန်းပြည်သာယာအပိုင်း(၃)၊ ရွှေမြင့်မိုရ် အဆီပြည့်နို့ဆီထုတ်လုပ်ရေး အလုပ်ရုံနှင့် အောင်ကမ္ဘာ မလိုင်နှင့်ယိုမျိုးစုံ ထုတ်လုပ်ရေး အလုပ်ရုံများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဘေးကင်းလုံခြုံသော အစားအစာဖြစ်စေရေး၊ ပြည်ပပို့ကုန်အဖြစ် တိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ စျေးကွက်ခိုင်မာရရှိစေရေး၊ သွင်းကုန်အစားထိုးနိုင်ရေးနှင့် ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှု မရှိစေရေး ချိတ်ဆက်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ မြို့မစျေးသို့ ရောက်ရှိခဲ့ပြီး စျေးအတွင်း ကြွေပြားခင်းနေမှုနှင့် စျေးရုံဟောင်းများ ပြန်လည်အဆင့်မြှင်တင်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး စျေးရုံအလိုက် ကုန်စို၊ ကုန်ခြောက် ခွဲခြားရောင်းချရန်၊ လေဝင်/လေထွက် ကောင်းမွန်စေရေးနှင့် စျေးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ ကမ်းနားလမ်း တိုးချဲ့ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဧရိယာအတွင်း ကျူးကျော်မှု မရှိစေရေး၊ လမ်းဘေးဝဲ/ယာ သန့်ရှင်းသပ်ရပ်စေရေး၊ မြေထိန်းနံရံများ စနစ်တကျတည်ဆောက်ရန်နှင့် ဖို့မြေများအား သတ်မှတ်အမာခံရရှိရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ ဂန္ဓမာစက်မှုဇုန်ရှိ ဆေးရုံသုံး ဝါဂွမ်းနှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အမျိုးအမည်အသစ်များ တိုးချဲ့ထုတ်လုပ်ရန်၊ လိုအပ်သည့် နည်းပညာများရရှိရေး ပံ့ပိုးဆောင်ရွက်ပေးရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းဖြစ်၍ ထုတ်ကုန်တိုးမြှင့်နိုင်ရေး ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ရွှေခေတ္တရာဆီစက်သို့ ရောက်ရှိခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းဖြင့် ဆီစက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသုံးဆီ တင်သွင်းမှု လျော့ချနိုင်ရေး ဒေသထွက် ပဲ/နှမ်းများဖြင့် စားသုံးဆီများ တိုးချဲ့ထုတ်လုပ်နိုင်ရေး၊ ဆီသန့်စင် စက်ရုံများ တည်ဆောက်နိုင်ရေး၊ ထွက်ရှိလာသည့် ပဲဖက်/နှမ်းဖက်များဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်နိုင် ရေးနှင့် လုပ်ငန်းချိန်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။