Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပဲခူးတိုင်း(အရှေ့ခြမ်း)သို့ လက်ဆွဲကောက်စိုက်စက်များ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပဲခူးတိုင်း(အရှေ့ခြမ်း)သို့ လက်ဆွဲကောက်စိုက်စက်များ ထောက်ပံ့ပေးအပ်

ပဲခူး ဇူလိုင် ၉

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ပဲခူးတိုင်း(အရှေ့ခြမ်း)သို့ လက်ဆွဲ ကောက်စိုက်စက်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း စပါးသီးနှံအပါအဝင် သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးဆောင်ရွက်ရာတွင် မြေဧရိယာတိုးချဲ့စိုက်ပျိုးခြင်းထက် ပိုမိုလက်တွေ့ကျသည့် တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ သီးထပ် စွမ်းအားနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးကို အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း စပါးအများဆုံးစိုက်ပျိုးသည့် မိုးရာသီတွင် မိုးစပါးစုစုပေါင်းစိုက်ဧက(၂၆.၉၈)သိန်း ကျော်စိုက်ပျိုးခဲ့ရာ ဧက(၁၂.၇၅)သိန်း စိုက်ပျိုးဧရိယာ၏ (၄၃.၂၃) ရာခိုင်နှုန်းကျော်သည် ပန်းတိုင်အထွက် နှုန်းရရှိထားခဲ့ပြီးဖြစ်ကြောင်း၊ ယခုလာမည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရေတော်မိုးတော် မိုးစပါးစိုက်ဧကများမှ ပန်းတိုင်အထွက်နှုန်း(၁၇.၆)သိန်းကျော် တိုးတက်ရရှိနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသဖြင့် ယခုလို စိုက်နည်းစနစ်များ ပြောင်းလဲနိုင်ရေး လက်ဆွဲကောက်စိုက်စက်များ ဖြန့်ဝေးပေးရခြင်းဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးအပြင် အသား၊ ငါး၊ ဥ မွေးမြူထုတ်လုပ်မှု တိုးတက်မြင့်မား စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းရှင်အသစ်များ ဖော်ထုတ်၍ ဆောင်ရွက်ပေး လျက်ရှိပြီး ထုတ်လုပ်မှုနှင့် စားသုံးမှုညီမျှမှ ကုန်ဈေးနှုန်းကြီးမြှင့်ခြင်းကို ထိန်းညှိနိုင်မှာဖြစ်၍ မွေးမြူရေး လုပ်ငန်းများကိုလည်း အားထည့်ဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး၊ ညောင်လေးပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးနှင့် တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်တို့ထံသို့ လက်ဆွဲကောက်စိုက်စက်(၅၂)စီးအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက လက်ဆွဲကောက်စိုက်စက် အသုံးပြုစိုက်ပျိုးရာတွင် လိုအပ်သည့် ပျိုးထောင်နည်းစနစ်၊ သမန်းပြုပြင်ခြင်း၊ ရေသွင်း/ရေထုတ် မှန်ကန်စွာ ဆောင်ရွက်သွားရမည့် သိကောင်းစရာများအားလည်းကောင်း၊  လက်ဆွဲကောက်စိုက်စက်ထုတ်လုပ်သည့် Agro Future Mynamar Co., Ltd မှ တာဝန်ခံ ဦးသိန်းထိုက်လင်းက လက်ဆွဲကောက်စိုက်စက် အသုံးပြုခြင်း၏ ရရှိနိုင်သည့် အကျိုး ကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ တက်ရောက်လာသည့် ဒေသခံ ပြည်သူများနှင့်အတူ လက်ဆွဲကောက်စိုက်စက်များနှင့် Agro Future Mynamar Co., Ltd မှ ထပ်မံ ထုတ်လုပ်ထားသည့် ဆေးဖြန်းစက်(Boom Sprayer)နှင့် ဘက်စုံသုံးမျိုးစေ့ချစက်များအား လှည့်လည် ကြည့်ရှုခဲ့သည်။

တိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၁၀)မျိုးအနက် ၂၀၂၃-၂၀၂၄ ခုနှစ်၊ စိုက်ပျိုး ရာသီတွင် အသီးနှံ(၇)မျိုးဖြစ်သည့် နွေစပါး၊ မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ အစေ့ထုတ်ပြောင်း၊ ချည်မျှင်ရှည်ဝါနှင့် ကြံသီးနှံ တို့မှာ ပန်းတိုင်အထွက်နှုန်းရရှိခဲ့ပြီးဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် စပါးအများဆုံးစိုက်ပျိုး သည့် မိုးစပါးရာသီအတွက် စိုက်နည်းစနစ် မှန်ကန်စေရေး ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)အတွက် လက်ဆွဲကောက်စိုက်စက် (၄၈)လုံးအား ဇွန်လ(၆)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်း ရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)