Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဧရာဝတီမြစ်ရေ ထူးကဲစွာမြင့်တက်ခဲ့မှုကြောင့် ရွှေတောင် မြို့နယ်အတွင်း ရေဘေးဖြစ်ပွားမှုအား အချိန်နှင့်တစ်ပြေးညီ သွားရောက်ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဧရာဝတီမြစ်ရေ ထူးကဲစွာမြင့်တက်ခဲ့မှုကြောင့် ရွှေတောင် မြို့နယ်အတွင်း ရေဘေးဖြစ်ပွားမှုအား အချိန်နှင့်တစ်ပြေးညီ သွားရောက်ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့

ရွှေတောင် ဇူလိုင် ၁၅

=========

            ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ယမန်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဧရာဝတီမြစ်ရေ ထူးကဲစွာမြင့်တက်ခဲ့မှုကြောင့် ရွှေတောင်မြို့နယ်အတွင်း ရေဘေးဖြစ်ပွားမှုအား လိုအပ်သည်များ အချိန်နှင့်တစ်ပြေးညီ သွားရောက်ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။

             ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ ထန်းလုံးချောင်း ရေတားတာအလွန် ရွာမကျေးရွာသွားလမ်းပေါ်ရှိ ကိုယ်ထူကိုယ်ထ ကျေးရွာချင်းဆက်လမ်းအနိမ့်ပိုင်းတွင် ဧရာဝတီ မြစ်ရေကြီးမှုကြောင့် လမ်းသားအရှည် ပေ(၃၀)ခန့် ကျိုးပေါက်မှုဖြစ်ပွားမှုနေရာသို့ သွားရောက်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ ရေဘေးကာကွယ်ရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုး ကူညီဆောင်ရွက်ပေးခဲ့ကာ ထန်းလုံးချောင်းရေတားတာအား ပြန်လည် အဆင့်မြှင့်တင်နိုင်ရေး မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ထန်းလုံးချောင်း ရေတားတာ ကြံ့ခိုင်မှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ၎င်းရေတားတာ အနိမ့်ပိုင်းနေရာများနှင့် ရေကျာ်နိုင်သည့်နေရာများအား ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ချက်ခြင်းဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

             ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်မှ ရေဘေးသင့် ပြည်သူများထားရှိသည့် ရွှေမျက်မှန်ဘုရား၊ ဓမ္မာရုံ၌ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်အားပေးစကား ပြောကြားခဲ့ပြီး ရေဘေးသင့်ပြည်သူ(၅၀၉)ဦးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကုလားပဲနှင့် ဆားများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုး(၂)ပတ်စာ ထောက်ပံ့ငွေ(၂၁၃၇၈၀၀)ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး လူစုလူဝေးဖြင့် နေထိုင်သည့်အတွက် ဝမ်းရောဂါနှင့် အခြားကူးစက် ရောဂါဖြစ်ပွားမှု မရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ရွှေမျက်မှန်ရုပ်ပွားတော်မြတ်အား သွားရောက်ဖူးမြှော်ခဲ့ပြီး ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီမြစ်ရေ ဝင်ရောက်သည့် ရွှေတောင် မြို့၊ ယွန်းတန်းရပ်ကွက်အတွင်းသို့ လှေများဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဝင်ရောက်သည့် ရပ်ကွက်များအတွင်း လုံခြုံရေးများချထားရန်၊ အန္တရာယ်ရှိသည့်နေရာများတွင် အမှတ်အသားများ ပြုလုပ်ထားရန်နှင့် လျှပ်စစ်မီးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့ပြီး ဧရာဝတီမြစ်ရေဝင်ရောက်သည့် ယွန်းတန်းရပ်ကွက်အတွင်း လွယ်ကူစွာ သွားလာနိုင်ရေး လှေများဖြင့် အခမဲ့ကူညီပို့ဆောင်ပေးနေသည့် ပရဟိတအဖွဲ့များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။