Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်းရှိ ယာယီရေဘေးရှောင်ရေးစခန်းများသို့ သွားရောက်အားပေးထောက်ပံ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်းရှိ ယာယီရေဘေးရှောင်ရေးစခန်းများသို့ သွားရောက်အားပေးထောက်ပံ့

ပဲခူး ဩဂုတ် ၃

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများသို့ သွားရောက်၍ ရေးဘေးသင့်ပြည်သူများအား အားပေး ထောက်ပံ့ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူးတို့နှင့်အတူ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ ဟံသာဝတီရှေးဟောင်းကျုံး ရေထွက်ပေါက်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေထွက်ပေါက်အတွင်း အမှိုက်နှင့် ဗေဒါပင်များ ပိတ်ဆို့မှု မရှိစေရေးနှင့် ကျုံးရေကျော်ပေါက်အား သံဇကာများဖြင့် ကာရံထားရန်တာဝန်ရှိသူများအား လမ်းညွှန် မှာကြား ခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်း ရေကျော်ဝင်ရောက်ခဲ့သည့်နေရာအား ကွင်းဆင်း ကြည့်ရှု ခဲ့ပြီး ရေတံခါးပေါက်များ နေရာပြောင်းရွေ့တည်ဆောက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ကားလမ်းရေကျော်နေသည့် ခေါင်းဆေးကျွန်းနေရာနှင့် မဟာမြိုင်လမ်းနေရာတို့အား မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ အနောက် ရွှေနံ့သာဘုန်းတော်ကြီးကျောင်း၊ ဘိုကုန်းရပ်ကွက်ရှိ ဓမ္မာလင်္ကာရဘုန်းတော်ကြီးကျောင်းနှင့် ရွာသစ် ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတို့၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စားသုံးကုန်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန၏ လူတစ်ဦးချင်းစီအတွက် ဆန်ရိက္ခာ ဘိုး(၁)လစာ ထောက်ပံ့ပေးအပ်ခဲ့ပြီး သက်ကြီးရွယ်အိုများ၊ ပရဟိတအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ ကလေးငယ်များအတွက် အာဟာရမုန့်များ ပေးအပ်ခဲ့ သည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပုဏ္ဏားစုရပ်ကွက်၌ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ နာယက ဒေါ်စိုးစိုးသက်နှင့်အဖွဲ့ဝင်များမှ ရပ်ကွက်နေပြည်သူများအား ပဲကုလားဟင်းနှင့် ဘဲဥဟင်း ဖြန့်ဝေပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရပ်ကွက်အတွင်းရှိ ကလေးငယ်များအတွက် အာဟာရမုန့်များ ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။