Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး သြဂုတ် ၁၄

     ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ သြဂုတ်လ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား၊အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ သည်။

        ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားအသင်းများက အားကစားကွင်းအတွင်း နေရာယူပြီး ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်အား အလံကိုင်တပ်ဖွဲ့နှင့်အတူ အလေးပြုခဲ့ကြသည်။

       ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်(၆)ခရိုင်နှင့် တက္ကသိုလ်/ကောလိပ် အသီးသီးမှ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ၎င်းနောက် ပြိုင်ပွဲဝင်အားကစား သမားများက အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုသစ္စာပြုခဲ့ကြပြီး အလံကိုင်အဖွဲ့နှင့်အတူ အားကစားကွင်းအတွင်းမှ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။

        ယင်းနောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့က သရုပ်ပြ တီးခတ်ကပြဖျော်ဖြေကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီး များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံ ပြည်သူများ၊ အားကစားဝါသနာရှင်များက အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)အပြေးပြိုင်ပွဲ ယှဉ်ပြိုင် နေမှုအား ကြည့်ရှု့အားပေးခဲ့ကြသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲအား အားကစားနည်း(၁၄)နည်းပါဝင်ကာ ပွဲစဉ်ပေါင်း(၄၀)ပွဲ၊ ပဲခူးတိုင်း​ဒေသကြီး အတွင်းရှိ ခရိုင်(၆)ခရိုင်နှင့် တက္ကသိုလ်၊ကော်လိပ်များမှ ပြိုင်ပွဲဝင်အသင်း(၁၁)သင်း၊ အားကစားသမား ဦးရေ(၁၄၄)ဦးတို့ဖြင့် သြဂုတ်လ(၁၄)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။