Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်

ပဲခူး အောက်တိုဘာ ၁

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်သည့် (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

        ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးထံမှ ပေးပို့သည့် (၆၀)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

         ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွန်ချွန် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသည့် သဲကုန်းမြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ထွန်းလင်းအောင်၊ ရေတာရှည်မြို့နယ်မြေရဲစခန်းမှ ရဲတပ်သား သက်ပိုင်၊ ညောင်လေးပင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲဒုတပ်ကြပ် ကျော်သူဌေးနှင့် ကညွတ်ကွင်းနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် သက်ဝေအောင် တို့အား ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရား သူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် တို့က ကဏ္ဍအလိုက် ထူးချွန်ဆုရရှိခဲ့သူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ် ချီးမြှင့်ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပေးပို့ဖြန့်ဝေသည့်(၆၀) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ် ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ဂုဏ်ပြုဗွီဒီယိုမှတ်တမ်းအား ကြည့်ရှုကာ ဂုဏ်ပြုဆုရရှိသူများ နှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

        ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ခန်းမအတွင်းပြသထားသော (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထိမ်းအမှတ် ပြခန်းများ၊ ပညာပေး ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။