Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရွှေတောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန် ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်

ရွှေတောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန် ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်

ရွှေတောင် အောက်တိုဘာ ၁၀

          ရွှေတောင်မြို့၊ မြို့နယ်ခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ် (၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသောဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှန်တကယ်ဆန်ရိက္ခာလိုအပ်နေသော ပြည်သူများထံသို့ အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ဖြန့်ဝေနိုင်အောင် ကူညီဖြည့်ဆည်းဆောင်ရွက် ပေးသည့် အာဆီယံအပေါင်းသုံး အရေးပေါ် အရန်ဆန်ရိက္ခာ (APTERR) အစီအစဉ်သည် ရေဘေးသင့် ပြည်သူများကို တိုက်ရိုက်အကျိုးပြုသော အစီအစဉ်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့်အတွက် ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးသည်ထန်စွာရွာသွန်းခဲ့၍ ရေဘေး သင့်ခဲ့သည့် ရွှေတောင်မြို့နယ်မှ ရပ်ကွက်(၃)ခု၊ ကျေးရွာအုပ်စု(၁၁)စုရှိ အိမ်ထောင်စု(၁၀၅၈)၊ လူဦးရေ(၃၅၂၂)ဦးအတွက် ဆန်အိတ်ပေါင်း(၃၂၁)အိတ်အား သိုလှောင်ဆန်များအား အကူအညီအထောက် အပံ့အဖြစ် ဖြန့်ဝေခြင်း အစီအစဉ်အရ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရွှေတောင်မြို့နယ်အတွင်း ရေကြီးနစ်မြှုပ်ခဲ့ သည့် ရပ်ကွက်(၃)ခုအတွက် ဆန်အိတ်များကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေ နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်တို့က ရေကြီးနစ်မြှုပ်ခဲ့သည့် ကျေးရွာအုပ်စုများ အတွက်လည်းကောင်း ဆန်အိတ်များ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်မှုအပေါ် ရေဘေးသင့်ပြည်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး ကိုရီးယားနိုင်ငံမှ လှူဒါန်းသည့် ဆန်အိမ်များအား လှည်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိ သည်။