Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၆


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၅) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၄) ကျင်းပပြုလုပ်သည်၊
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသ ကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ်၍ စိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုအားထည့်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဧကများအတွက် ပြန်လည်ကုစား နိုင်ရေး ဆောင်းသီးနှံနှင့် နွေစပါးရာသီတွင် ပြန်လည်တိုးချဲ့စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ သီးထပ်စွမ်းအား တိုးတက်ရေးအတွက် စိုက်ပျိုးရေရရှိရေးကို နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီပေးသွားမှာဖြစ်၍ ရရှိနိုင်သည့် ရေအရင်းအမြစ်များ ဖော်ထုတ်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၁၀)မျိုးအား စံပြစိုက်ကွက်(၃၆၉၁၁)ဧက ဖော်ထုတ်သွားမည်ဖြစ်၍ ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်သွားရမှာဖြစ်သည့်အပြင် စံပြကွက်များအလိုက် စိုက်နည်းစနစ်ဆိုင်းဘုတ်များ တပ်ဆင်ရမှာ ဖြစ်ကြောင်း၊ စံပြစိုက်ကွက်များတွင် တောင်သူများ အသိပညာပေးခြင်း၊ လက်တွေ့ကွင်းဆင်း သရုပ်ပြသ ခြင်းများ ဆောင်ရွက်မည်ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် မြေနေရာများအား ရွေးချယ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေအား စနစ်တကျ ချွေတာသုံးစွဲနိုင်ရေးအတွက် ရေအစက်ချ စနစ်ဖြင့် စိုက်ပျိုးခြင်းအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လာမည့် နွေစပါးစိုက် ရာသီတွင် စပါး(၂)သီး စိုက်ပျိုးနိုင်ရေး ကြိုတင်ပျိုးထောင်စိုက်ပျိုးသည့် နည်းစနစ်များအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ကြိုတင်ကွင်းဆင်း၍ အသိပညာပေးများ ဆောင်ရွက်ထားရမှာဖြစ် ကြောင်း၊ ဆီထွက်သီးနှံများနှင့်ပတ်သက်၍ နေကြာ၊ မြေပဲ၊ နှမ်း တို့အား အထူးဇုန်များအလိုက် စနစ်တကျ စိုက်ပျိုးသွားရန်နှင့် အစေ့ထုတ်ပြောင်းအား တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးစားသွားကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု၊ သီးနှံ စိုက်စွမ်းအား၊ သီးထပ်စွမ်းအားနှင့် ပန်းတိုင်အထွက်နှုန်းရရှိသည့် ခရိုင်/ မြို့နယ်/ စိုက်ပျိုးသည့် တောင်သူ များအား ထိုက်ထိုက်တန်တန် ချီးမြှင့်ပွဲများ ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး အားလုံး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများက မြို့နယ်တစ်ခုချင်းအလိုက် အဓိကသီးနှံ(၁၀) မျိုးစိုက်ပျိုးထွက်ရှိမှု၊ မိုးစပါးရိတ်သိမ်းထွက်ရှိမှု၊ ဆောင်းသီးနှံ စိုက်ချဲ့စိုက်ပျိုးမည့် အစီအစဉ်နှင့် စံပြစိုက် ခင်း ဆောင်ရွက်သွားမည့် အစီမံများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး ဆောင်ရွက် ရမည့် နည်းလမ်းများအား သုံးသပ်တင်ပြခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တင်ပြချက်များ နှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် တိုင်းဒေသကြီး စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်/မြို့နယ်စိုက်ပျိုးဦးစီးမှူးများ၏ တင်ပြချက်နှင့်ပတ်သက်ပြီး မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည် များ အသေးစိတ်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။