ပြည် နိုဝင်ဘာ ၈
ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၃ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း ဖွင့်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက အဆိုပါစေတီရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် စေတနာရှင် ပြည်သူများက ကြွရောက်လာသည့် ဆရာတော်(၁၀၈)ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ပုရဝုဏ်အတွင်းရှိ ဘုရားသိမ်အဟောင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးမူမပျက်အမြန်ဆုံး ပြင်ဆင်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။